ယထာဘူတ

ယထာဘူတ ဆိုတဲ့ စကားဟာ အဆိုးကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး၊ အကောင်းကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး။ ဒီလူ နှစ်မျိုးစလုံးကို အမှန်မြင်ကြတဲ့ သူတွေလို့ မဆိုလိုနိုင်ပါဖူး။

ဗုဒ္ဓဘာသာဝင်တွေ လို့ ခံယူထားကြသူတွေမှာ ဗုဒ္ဓဆုံးမခဲ့တဲ့ – ‘ယထာဘူတ’ ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ‘ယထာဘူတ’ ဆိုတာ အမှန်ကို မြင်ဖို့ ဆိုလိုတာလို့လဲ ဘုန်းကြီးတွေ ဘာသာပြန်ပေးတာ ကြားဖူးကြမှာပါ။ ကြားဖူးရုံ ကြားဖူးပေမဲ့ ဘာမှန်း မသိတော့လဲ – ‘ယထာဘူတ’ ဆိုတာကို ဂါထာအမှတ်နဲ့ဘဲ လာဒ်လာဘ မျှော်ကိုး၊ နတ်ပြည် ရောက်နိုးနဲ့ ဘဲ တွင်တွင် ကျယ်ကျယ် ရွတ်နေကြတာ အများအပြား တွေ့ရပါတယ်။ တချို့ကလဲ ဒီ စကားဟာဖြင့် ဝိပဿနာ တရား အားထုတ်တဲ့ သူတွေ အတွက်သာ မှာခဲ့တာ ဆိုပြီး၊ နားမလည် ပါးမလည် ဖြီးဖြန်းပြန်ပါတယ်။

သေသေချာချာ စဉ်းစား သုံ့သပ်ကြည့်ပါ။ ယထာဘူတ ဆိုတာ အမှန်ကို အမှန်အတိုင်း မြင်ဖို့ ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အမှန်ကို အမှန် မြင်ပါဆိုတာ – အရှိကို အရှိအတိုင်း၊ ဖြစ်ချင် လိုချင်တဲ့ အတိုင်းမဟုတ်ဘဲ၊ ထင်မြင် ယူဆတဲ့ အတိုင်း မဟုတ်ဘဲ၊ ဗဟုသုတ ရှိဖူးတဲ့ အတိုင်းမဟုတ်ဘဲ၊ ကြားဖူးတဲ့ အတိုင်းမဟုတ်ဘဲ၊ အရှိကို အရှိအတိုင်း ရိုးရိုးရှင်းရှင်း မြင်တတ်ဖို့သာ ဖြစ်ပါတယ်။

လူ့သဘာဝကတော့ ရှင်းရှင်းလေးကို ရှုတ်ထွေးအောင် လုပ်ချင်ကြတာပါ။ သိပ်ရှင်းလင်း နေရင်ကို မနေတတ်တဲ့ သဘောရှိမယ် ထင်ပါရဲ့။ အရှိကို အရှိ၊ တွေ့တဲ့ မြင်တဲ့ အတိုင်း ကြည့်ဖို့ ဆိုတာ မလုပ်ချင်ကြပါဖူး။ အကုသိုလ် သိပ်များနေတဲ့သူ၊ စိတ်က သုန်မှုန် ညစ်ညမ်းနေတဲ့သူ၊ စိတ်မကြည်လင်တဲ့သူ၊ သောကတွေ လောဘတွေ ဒေါသတွေ ထုန်နေတဲ့သူ၊ ဒီလိုလူတွေကို ကြည့်မယ်ဆို သူတို့ဟာ အရာရာကို အဆိုးမြင်တတ်ပါတယ်။ လူတွေနဲ့ သဟဇာတ နေတတ်သူ၊ စိတ်ပျော်ပျော်ထား လွတ်လွတ်လပ်လပ် နေတတ်သူ၊ ရန်မလိုချင်တဲ့သူ၊ ဒီလို လူတွေကို ကြည့်ရင်တော့ သူတို့ဟာ အရာရာကို အကောင်းမြင်တတ် ကြပါတယ်။

ဒီလူ နှစ်မျိုးစလုံးဟာ သူတို့ သိသည် ဖြစ်စေ၊ မသိသည် ဖြစ်စေ၊ သူတို့ရဲ့ အမြင်အတွက် သူတို့မှာ ဆင်ခြေတွေ ပေးကြပါတယ်။ ယထာဘူတ ဆိုတဲ့ စကားဟာ အဆိုးကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး၊ အကောင်းကို မြင်ဖို့လဲ ပြောတာမဟုတ်ပါဖူး။ ဒီလူ နှစ်မျိုးစလုံးကို အမှန်မြင်ကြတဲ့ သူတွေလို့ မဆိုလိုနိုင်ပါဖူး။ တကယ်တမ်း ဒီလူ နှစ်မျိုးလုံးဟာ ယထာဘူတ မကျတဲ့ အမှန်ကို မမြင်ကြတဲ့ သူတွေလို့ သာ သတ်မှတ်နိုင်ပါလိမ့်မယ်။

လက်တွေ့မှာ ကြည့်ကြရအောင်…၊ အဆိုးမြင်တဲ့ သူဟာ အပေါ်မှာ ပြောခဲ့သလို အရာရာကို အဆိုးဖက်ကဘဲ ကြည့်နေတော့တဲ့ အခါ၊ သူ့အတွက် လူတိုင်းလူတိုင်းကို အပြစ်ဘဲ မြင်နေတော့ပါတယ်။ ဒီအခါ အဲသည်လို လူမှာ ဘယ်သူနဲ့ သဟဇာတ ဖြစ်တော့မှာလဲ။ ဘယ်သူကရော ဒီလူကို ခေါ်ချင် ပြောချင် တော့မှာလဲ။ ဒီတော့ ဒီလိုလူကို အခြားသူတွေက ဝေးဝေးကနေ ရှောင်နေတော့မှာပေါ့။ ဒီအခါ ဒီလူမှာ လူတွေနဲ့မှ သဟဇာတ မဖြစ်တော့တဲ့ အခါ လောကကြီးနဲ့ ဘယ်လို သဟဇာတတည့် နိုင်တော့မလဲ။ ဒီတော့ လောကကြီးဟာ သူ့အတွက် မသာမယာ စိတ်မချမ်းသာစရာ၊ စိတ်ညစ်စရာတွေသာ ဖန်တီးပေးနိုင်တော့မှာပေါ့။

တဖက်မှာ အကောင်းမြင်တဲ့ သူကို ကြည့်ပါအုံး၊ သူ့မှာတော့ အဆိုးမြင်တဲ့ လူထက် နဲနဲ တော်ပါသေးတယ်။ ပတ်ဝန်းကျင်နဲ့ လူတွေကို အကောင်းဖက်က မြင်တဲ့ အခါ လူတွေနဲ့ သဟဇာတ ဖြစ်တော့ဖြစ်ပါတယ်၊ လောကကြီးနဲ့လဲ အစဉ်ပြေပါတယ်၊ ဒါပေမဲ့ သေသေချာချာ ဆန်းစစ်ပါအုံး… သူတို့ကိုယ်တိုင် တကယ်ဘဲ အစဉ်ပြေကြရဲ့လား? အကြောင်းမတော်လို့ လူသတ်သမားကို လူလိမ္မာလို့ မြင်ပြီး အားပေးမိလို့ ကိုယ်ပါ ကြိုးစင်တင်ခံ ရမဲ့ အခြေအနေမျိုး မဖြစ်ရင်တော်သေးတာပေါ့။ ဒီလို လူမျိုးများအတွက်မှာလဲ အန္တရာယ်က လက်တကမ်းမှာ အမြဲရှိနေပါလိမ့်မယ်။

ယထာဘူတ ဆိုတဲ့ စကားလုံးကို ဝိပဿနာ ဆရာကြီး ဦးဂိုအင်ဂါ ပေးတဲ့ ဥပမာတစ်ခုက အင်မတန် ထိထိမိမိရှိပါတယ်။ ဆရာကြီးက ဒီလို ဆိုပါတယ်…၊

ဆင်းရဲသား လူတစ်ယောက်ဟာ ရှိစုမဲ့စု ငွေစလေးနဲ့ ဆီ တစ်ပုလင်း ဈေးမှာ သွားဝယ်ပြီး အပြန်မှာ ချော်လဲလို့ ဆီပုလင်း မှောက်ကျပြီး ဆီက တဝက်ဘဲ ကျန်ပါတော့တယ်တဲ့။ ဒီအခါ အဆိုးကို မြင်တဲ့ သူက – မှောက်ကျသွားတဲ့ ဆီပုလင်းအတွက် နှမျှောတသ ဝမ်းနည်း ကြေကွဲပြီး စိတ်အင်မတန် ထိခိုက်ပါတယ်။ အကောင်းမြင်တဲ့ သူကတော့ မှောက်သွားတာ တဝက်ဘဲ မို့လို့တော်သေးရဲ့၊ တဝက်ကျန်သေးတာဘဲ တော်လှပါရဲ့ ဆိုပြီး ကျန်သေးတဲ့ တဝက်အတွက် ဝမ်းသာပါတယ်။ တစ်ယောက်ကတော့ ပူရဆွေးရတယ်၊ တစ်ယောက်ကတော့ ဝမ်းသာတယ်၊ တကယ်တမ်းမှာတော့ ဆီတဝက် ဆုံးရှုံးရတာ ဆုံးရှုံးရတာဘဲ မဟုတ်ပါလား?

ယထာဘူတ ဆိုတာ အမှန်ကို အမှန်အတိုင်း ကြည့်တဲ့ အခါမှာတော့ – ဆုံးရှုံးရတာကို ဆုံးရှုံးရတယ်လို့ဘဲ မြင်ပါတယ်။ ဒီအပေါ်မှာ ဝမ်းနည်းပြီးလဲ ခွေမနေပါဖူး၊ ဝမ်းသာပြီးလဲ ပျော်မနေပါဖူး။ အဲဒီလို အမှန်ကို တွေ့တော့မှ ဆုံးရှုံးသွားတဲ့ တဝက်ကို ဘယ်လို ပြန်ပြီး ဖြည့်နိုင်မလဲဆိုတဲ့ အကြံပေါ်တော့မှာပါ။ လက်ရှိ တွေ့ကြုံရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြည့်မြင်လို့ ရတော့မှာပေါ့။

မိမိရဲ့ အတွေ့အကြုံကို ပြောပြပါမယ်… အဆိုးမြင် ကြည့်တတ်တဲ့ လူတစ်ယောက် တွေ့ဖူးပါတယ်။ သူ့မှာ လူတိုင်းကို အပြစ်ဘဲ ရှာတတ်ပါတယ်၊ ဒါပေမဲ့ ဒီအပြစ်ကို ဘယ်လို ပြုပြင်ပေးရမယ် ဆိုတာကို သူမလုပ်တတ်ပါဖူး။ ဒီအခါ သူ့အတွက်လဲ ဘာမှ တိုးတက်မလာသလို သူ့ပတ်ဝန်းကျင်လဲ ဘာမှ မတိုးတက်လာဘဲ ဆုတ်ယုတ်လို့သာ ဖြစ်လာပါတယ်။ သူကိုယ်တိုင်လဲ ဘာလုပ်လုပ် သူ့ကို သူများက အပြစ်ဘဲ မြင်နေတယ်၊ ကြည့်နေတယ်လို့ ထင်ပြီး ရန်လိုနေတော့ပါတယ်။ ဒီတော့ သူ့ဘဝမှာ တစ်ခါမှ ကောင်းကောင်းမွန်မွန် စိတ်ချမ်းသာရတယ် ဆိုတာ မတွေ့မိပါဖူး။ ဒီလို အမှန်ကို မမြင်တဲ့ အခါ ဒါတွေကို ရှေးကုသိုလ် မကောင်းခဲ့လို့ ဆိုပြီး၊ ကံကိုဘဲ ပုံချနေတော့ကာ လူ့ဘဝတစ်လျှောက် ကိုယ်လက် ခြေတွေ သန်စွမ်းပါရဲ့ စိတ်မသက်မသာနဲ့ဘဲ နေရပါတော့တယ်။ အဲဒီတော့ မိမိက သူ့ကို ပြောပါတယ် – ခင်ဗျားက အဆိုးကိုဘဲ လိုက်ကြည့်နေတတ်တာကိုး၊ ဒီတော့ ခင်ဗျားအတွက် ဘယ်ဟာက အကောင်း ဖြစ်တော့မှာလဲ? အကုန်လုံး အဆိုးသာ ဖြစ်တော့မှာပေါ့ လို့ ဆိုတော့၊ သူက – ကောင်းပြီ ဒါဆိုရင် ဘာမှ မကြည့်မမြင်အောင် နေလိုက်တော့မယ်တဲ့။ ကိုင်းဘယ်လောက်များ အဆိုးကို လိုချင်နေသလဲ ဆိုရင်၊ အဆိုး မပြောရ၊ မမြင်ရရင်တော့ မျက်လုံးဘဲ ပိတ်နေတော့မယ်တဲ့၊ ဒီလိုလူမျိုး ဘယ်လို စိတ်ချမ်းသာမှုမျိုးကို ဘယ် နတ်ဒေဝါ သိကြားမျိုးက ဖန်ဆင်းပေးနိုင်မလဲ လွယ်လွယ်လေး စဉ်းစားကြည့်ပေါ့။

အင်မတန်ကို အကောင်းမြင်တတ်တဲ့ သူတစ်ယောက်လဲ တွေ့ဖူးပါတယ်။ သူခိုးကိုလဲ လူကောင်းလို့ သူက မြင်ပါတယ်။ အကြောင်းရှိလို့ ခိုးတာပါ၊ သူ့မှာ ခက်ခဲလို့၊ အရေးပေါ်လို့ ခိုးတာပါ၊ တကယ်တမ်း သူခိုးချင်လို့ ဟုတ်မယ် မထင်ပါဖူးလို့ ကြည့်ပါတယ်။ အဲဒီမှာတင် သူခိုးတွေက သူ့ဆီက ခိုးကောင်းကောင်း ခိုးလိုက်ကြတာမှာ ဒီနေ့ထက်ထိ သူ့ဘဝမှာ တောက်တောက်ပြောင်ပြောင် မရှိပါဖူး။ ဒီလိုဘဲ သူ့မှာရော အကောင်းမြင်လို့ စိတ်ချမ်းသာလား ဆိုတော့ – စဉ်းစားသာ ကြည့်ပေါ့၊ ခိုးခံ ထိနေပါတယ် ဆိုမှ တကယ်ဘဲ စိတ်ချမ်းသာပါ့မလား? ဒီလို မကောင်းတွေကို သဘာဝနဲ့ ဆန့်ကျင်ပြီး အကောင်းတွေ လိုက်မြင်နေတော့ သူ့ခင်မျာ – မဟုတ်တာကို အဟုတ်လုပ်နေရတယ် ဆိုတာကို သိတဲ့ သူ့ရဲ့ အတွင်းစိတ်မှာ သောကတွေ၊ ပူပန်မှုတွေ အပြည့်နဲ့ သူလဲ ဟန်ဆောင်သာ နေရတယ်၊ တကယ်တမ်းတော့ စိတ်မချမ်းသာနိုင်ပါဖူး။

အချို့များဆိုရင် ဉာဏ်က ထုံနေလေတော့ရာ – လူတစ်ယောက်ကို ကြည့်မြင် သုံ့သပ်တောင် မနေတော့ဘဲ – ဘယ်သူ ဘယ်ဟာ ဘယ်ဝါ ဆိုရင်ဖြင့် အဆိုးကွ၊ ဒါဟာဖြင့် အကောင်းကွ လို့ လှေနံဒါးထစ် တသတ်မတ် မှတ်ထားပြီး၊ တစ်ခါမှ အသုံးမပြုဖူးတဲ့ သူတို့ရဲ့ ဉာဏ်ကို နဲနဲလေးမှ မသုံးတတ် မကြည့်မြင်တတ်ကြတော့ပါဖူး။

သိပ္ပံပညာရှင်တွေ၊ သုတေသီတွေ၊ ဒီလို လူတွေကို လက်တွေ့ ကြည့်ပါ။ သူတို့ဟာ အကြောင်းအရာ တစ်ခုခုကို အကောင်းဖက်ကဘဲ ရှုမြင်သုံ့သပ်ပြီး၊ ဒါမှမဟုတ် အဆိုးဖက်ကဘဲ ရှု မြင်ပြီး လုပ်ခဲ့လို့ ဘာမှ အောင်မြင် အကောင်ထည် ပေါ်လာတာ မရှိပါဖူး။ အဆိုးကို အဆိုးလို ကြည့်ပြီး၊ အကောင်းကို အကောင်းလို တွေ့ကြလို့သာ၊ အမှန်ကို ဆန်းစစ်လေ့လာ သုံ့သပ်နိုင်တဲ့ အတွက် လူ့လောကကို တိုးတက်အောင် လုပ်နိုင်ကြတာပါ။ လူဗြိန်းများမှာတော့ – အဆိုးမျက်မှန် တပ်ကြည့်သူကြည့်၊ အကောင်းမျက်မှန် တပ်ကြည့်သူကြည့်နဲ့ အမှန်ကို မတွေ့တဲ့အခါ၊ အချို့မှာ ဆိုရင် ကိုယ့်အမြင် ကိုယ့်အထင်နဲ့ဘဲ ဉာဏ်မျက်လုံးကို အလုံးစုံမှိတ်လို့ လူ့လောကကို တိုးတက်ဖို့ နေသာသာ၊ ကိုယ့်ကိုယ်ကို တောင် တိုးတက်အောင် မလုပ်နိုင်ကြတာ တွေ့ပါလိမ့်မယ်။

ဒါ့ကြောင့် အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရှုမြင် သုံ့သပ်ပြီး ဒီအပေါ်မှာ အဆိုးကို တွေ့တဲ့ အခါဖြစ်ဖြစ်၊ အကောင်းကို တွေ့တဲ့ အခါဘဲဖြစ်ဖြစ်၊ တဖက်သတ် ခံစားမနေဘဲ ဉာဏ်ကို ဖွင့်လို့ ကြည့်မြင်ကြမယ် ဆိုရင်ဖြင့် သင့်အတွက် လမ်းမှန်ကို သင်ကိုယ်တိုင်ဘဲ တွေ့ရပါလိမ့်မယ်။ တနည်းဆိုရရင် – ဆန်မရှိလို့ အိပ်ယာထဲ ခွေပြီး ငိုနေတဲ့ သူမှာတော့ ဆန်မရှိလို့ ထမင်းငတ်မှာပါဘဲ။ ဆန်မရှိပေမဲ့ ဒီလောက်တော့ ရှိမှာပေါ့ကွာ ဒီ့ထက်ဆိုးတဲ့ ရေမရှိတဲ့ အရပ်တောင် ရှိသေးတာဘဲဆိုပြီး ဒါကို ကျေနပ်တတ်တဲ့ သူလဲ ထမင်းငတ်မှာပါဘဲ။ ဆန်မရှိတာကို မရှိမှန်းသိပြီး ဒါကို လိုအပ်ချက်တစ်ခုဘဲ လို့ မှန်မှန်ကန်ကန် လက်ခံတတ်မှသာ ဆန်ကို ဘယ်လို ရအောင် ရှာမယ်ဆိုတဲ့ အလုပ်ကို စ, ဖြစ်တော့မှာပါ။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *