သူတို့ဆီက ကျောင်းသား သမဂ္ဂ

ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။

ငယ်စဥ်ကတည်းက ကျောင်းစာမှာ ဖတ်ခဲ့ဖူးတာက ကျောင်းသား သမဂ္ဂ ဆိုတာ နိုင်ငံရေး တက်ကြွ လှုပ်ရှားကြတဲ့ ကျောင်းသား အဖွဲ့အစည်း တစ်ခုလို့ သိခဲ့တာပါ။ ဗိုလ်ချုပ် အောင်ဆန်းတို့က စလို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းကြတဲ့ နေရာမှာ ကျောင်းသား သမဂ္ဂဟာ အရေးကြီးတဲ့ အခန်းက ပါဝင်ခဲ့တယ်လို့ အကြမ်းအားဖြင့် လေ့လာ သိရခဲ့ပါတယ်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း နေဝင်း စစ်အစိုးရ တက်လာတဲ့ အခါမှာလဲ ကျောင်းသား သမဂ္ဂဟာ စစ်အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို သတ္တိရှိရှိ လုပ်လာကြတဲ့ အခါ၊ စစ်တပ်က ကျောင်းသား သမဂ္ဂကို ချေမှုန်းလိုက်တယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်းတော့ သမဂ္ဂ ဆိုတဲ့ အမည်ကို ကုလသမဂ္ဂ ကလွဲလို့ ဘယ်အဖွဲ့အစည်း ဘယ်နေရာမှာမှ သုံးတာ မတွေ့ရတော့ပါဖူး။

ကျောင်းသား သမဂ္ဂ ဆိုတာကို အဲသည်လောက်သာ နားလည်သိထားတဲ့ မိမိ အနေနဲ့ သြစတေးလျ နိုင်ငံ၊ စစ်ဒနီမြို့က တက္ကသိုလ် တစ်ခုမှာ ပညာသင်ခွင့် ရရှိတဲ့အခါ၊ တက္ကသိုလ်ရဲ့ ကျောင်းသား သမဂ္ဂ အသင်းဝင်ဖို့ ဖိတ်ခေါ်တာကို ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအချိန်က မိမိ စဥ်းစားတာမှာ – မိမိဟာ သြစတေးလျ နိုင်ငံရဲ့ နိုင်ငံရေးကိုလဲ ကောင်းကောင်း မသိ နားမလည်သေးတဲ့ အတွက် နိုင်ငံရေး တက်ကြွတဲ့ အဖွဲ့အစည်းမှာ ယောင်ဝါးဝါး ဝင်မလုပ်ချင်တာလဲ ဖြစ်ပါတယ်။

တက္ကသိုလ် ပထမနှစ်၊ ဒုတိယ စာသင်ပတ် အစမှာတော့ မိမိအတွက် ပြဿနာ တစ်ခု စတွေ့ပါတော့တယ်။

တက္ကသိုလ် မှာ Lecture ချိန်လို့ ဆိုတဲ့ စာပို့ချတဲ့ အချိန်မှာ ကျောင်းသားတွေဟာ အချိန်မရွေး ဝင်ခွင့် ထွက်ခွင့် ရှိသလို မတက်ရင်လဲ ရပါတယ်။ သို့သော် Lecture ချိန်မတက်ရင်တော့ Tutorial ချိန်လို့ ဆိုတဲ့ လက်တွေ့လက်ကျင့် ရတဲ့ အချိန်မှာ အခက်အခဲ ရှိမှာပါ။

မိမိ အဓိက ယူထားတဲ့ ဘာသာ တစ်ခုမှာ Lecture ချိန်ဟာ မနက် ၈ နာရီမှာ စ, ပါတယ်။ မိမိ အိမ်ကနေ ကျောင်းကို လာဖို့မှာ ပြင်ဆင်ချိန်၊ ရထားစီးချိန်၊ လမ်းလျှောက်ချိန် စုစုပေါင်းမယ် ဆိုရင် မနက်ကို နောက်အကျဆုံး ၅ နာရီ အိပ်ယာက ထ, မှ ဖြစ်ပါမယ်။ ဒါပေမဲ့ Lecture ချိန်ဟာ တက္ကသိုလ်မှာ ကြိုက်တဲ့ အချိန် ဝင်ထွက်လို့ ရတယ် ဆိုပေမဲ့ အဲဒီ Lecture ပြတဲ့ ဆရာဟာ မနက် ၈ နာရီ ‘ဒေါင်’ ဆိုတာနဲ့ အခန်း တံခါးကို အထဲကနေ သော့ပိတ်ထားလိုက်တဲ့ အတွက် နောက်ကျတဲ့ ကျောင်းသားတွေ ဝင်ခွင့် မရှိတော့ပါဖူး။ ဒါဟာ ထုံးစံ မဟုတ်တဲ့အတွက် မနက် ၅ နာရီထဖို့ ခက်ခဲတဲ့ မိမိ အတွက်မှာ အကြီးအကျယ် မကျေမနပ် ဖြစ်ရပါတယ်။

ဒါဟာ မိမိ တစ်ယောက်တည်းတော့ မဟုတ်ပါဖူး၊ မိမိလို အချိန်နောက်ကျပြီးမှ ရောက်လာတဲ့ ကျောင်းသား တသိုက်မှာလဲ အခန်းတံခါး ပိတ်ထားလို့ ဝင်မရဖြစ်ပြီး အခန်းအပြင် အဝနားမှာ စုရုံး စုရုံး လုပ်နေကြတာ တွေ့ရပါတယ်။ နောက်တရက်မှာတော့ ကျောင်းသား တစ်ယောက်ဟာ အတန်းထဲမှာ ကျန်ကျောင်းသား တသိုက် ကိုယ်စား ဆရာကို အခန်းသော့ပိတ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မလုပ်သင့်ဖူး ထင်တဲ့ အကြောင်း ပြောပါတယ်။ ဒါပေမဲ့ စည်းစံနစ် တင်းကြပ်ပြီး ခေါင်းမာလွန်းတဲ့ ဒီဆရာကတော့ – သူစာပြနေချိန်မှာ အဝင်အထွက်လုပ်ရင် ကျန် စာသင်နေတဲ့ ကျောင်းသားတွေ အတွက် အာရုံပျက် အနှောက်အယှက် ဖြစ်စေတယ် ဆိုတဲ့ ဆင်ခြေပေးပါတယ်။

အဲဒီနေ့ စာသင်ချိန်ပြီးတဲ့ အခါမှာတော့ အတန်းထဲမှာ ထပြီး ဆရာ့ကို ပြောခဲ့တဲ့ ကျောင်းသားဟာ နောက်ကျလေ့ ရှိတတ်တဲ့ ကျောင်းသားတွေကို စုရုံးပြီး၊ ဒါဟာ တက္ကသိုလ် စည်းကမ်း စံနစ်ပုံစံ မဟုတ်ဖူးလို့ ပြောပြီး၊ ကျောင်းသား သမဂ္ဂကို သွားတိုင်မယ် ဆိုကာ မိမိတို့ကို ခေါ်တဲ့ အတွက် လိုက်ပါသွားရာက ကျောင်းသား သမဂ္ဂ ဆိုတာနဲ့ ပထမဆုံး အကြိမ် ထိတွေ့ ဆက်ဆံ ဖူးပါတော့တယ်။

ဒီအခါမှာ ကျောင်းသား သမဂ္ဂ ဆိုတာ ကျောင်းသားထု ကိုယ်စား ကျောင်းသားတွေရဲ့ အခွင့်အရေး အကာအကွယ် ပေးဖို့၊ ကျောင်းသားတွေ စာသင်ကြားရာမှာ အခက်အခဲတွေ ရှိရင် ဖြေရှင်းပေးဖို့ အဓိက လုပ်ဆောင်နေတဲ့ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ မှာ သိခဲ့သလို နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း မဟုတ်ဖူး ဆိုတာ သိလိုက်ရပါတယ်။

အဲဒီလို ကျောင်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ ကျောင်းသား သမဂ္ဂဟာ ၂ နှစ်ကို တစ်ခါ၊ ဒီမိုကရေစီ နည်းအတိုင်း ကျောင်းသား အားလုံးရဲ့ မဲဆန္ဒနဲ့ သမဂ္ဂ ခေါင်းဆောင်၊ ကောင်စီ တို့ကို တင်မြှောက် ဖွဲ့စည်းပြီး အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။ သမဂ္ဂ ခေါင်းဆောင် လုပ်လိုသူနဲ့ သူဖွဲ့စည်းမဲ့ ကျောင်းသား အရေး ကောင်စီဟာ ဘယ်လို ပေါ်လစီ၊ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ လုပ်ကြမယ်ဆိုတာ ကို ကျောင်းသား အများ သိအောင် ချပြကြရပြီး၊ ကျောင်းသားတိုင်းဟာ ကိုယ်နှစ်သက်ရာ ခေါင်းဆောင်ကို တင်မြှောက်ဖို့ မဲပေးကြရတာ ဖြစ်ပါတယ်။

အဲဒီလို မဲပေးတာကို ကျောင်းသား သမဂ္ဂ နှစ်ပတ်လည် ရွေးကောက်ပွဲ လုပ်တယ်လို့ ခေါ်ပြီး၊ သမဂ္ဂ ဝင်သည် ဖြစ်စေ၊ မဝင်သည် ဖြစ်စေ၊ ကျောင်းသားတိုင်း မဲပေးခွင့် ရှိကြပါတယ်။

ကျောင်းသား သမဂ္ဂဟာ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားပြီး ဒီမိုကရေစီ နည်းအရ ကျောင်းသားထုကို ကိုယ်စားပြုတာကြောင့် တက္ကသိုလ်မှာ သြဇာရှိတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခါ ကျောင်းသား သမဂ္ဂဟာ ပေါ်လစီနဲ့ အညီ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြီး စံနစ်တကျ စိစစ် လုပ်ဆောင်တဲ့ အဖွဲ့ အစည်းဖြစ်လို့လဲ စည်းကမ်းရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ကျောင်းသား သမဂ္ဂကနေ တဆင့် အခြေအနေ အမျိုးမျိုးကြောင့် အတန်းဝင်ဖို့ နောက်ကျတဲ့ ကျောင်းသားတွေကို စာသင်ခန်း ဝင်ခွင့်ပေးဖို့ ဆရာ့ဆီကို မေတ္တာရပ်ခံစာ ပေးပို့လိုက်တဲ့ အခါမှာ – ဆရာက စာသင်ခန်း နောက်ဖက်က တံခါးကို ဖွင့်ထားပေးပြီး နောက်ကျတဲ့ ကျောင်းသားတွေကို ဝင်ခွင့် ပေးခဲ့ပါတယ်။

မိမိ တက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ၄ နှစ်ခွဲ ကာလမှာ ကျောင်းသား သမဂ္ဂရဲ့ လုပ်ဆောင်ချက်တွေ ထဲက သိရတာတွေကို ပြောပြရမယ် ဆိုရင် –

(၁) ကျောင်းမှာ စာမလိုက်နိုင်တဲ့ သူတွေ အတွက် မြန်မာပြည်မှာ ကျူရှင်လို အချိန်ပို သင်ကြားပို့ချ ပေးတာကို သက်ဆိုင်ရာ ဘာသာရပ်မှာ ဂုဏ်ထူးနဲ့ ပထမ အဆင့်က အောင်ခဲ့တဲ့ ကျောင်းသားတွေက လုပ်ပေးပါတယ်။

(၂) အများနည်းတူ စာသင်ဖို့ အထောက်အကူ ပစ္စည်းတွေ မဝယ်နိုင်တဲ့ ကျောင်းသားများကို သမဂ္ဂရဲ့ အရန် စုဆောင်းငွေများထဲက လုံလုံလောက်လောက် ထောက်ပံ့ပေးပါတယ်။ (တခါက စာမေးပွဲ နီးချိန် မိမိရဲ့ ကွန်ပျူတာ laptop ပျက်သွားတဲ့ အခါ၊ ချက်ခြင်း အသစ်တစ်လုံး ဝယ်ဖို့ အခက်အခဲ ရှိစဥ် သမဂ္ဂက အသစ်တစ်လုံး ဝယ်ပေးတာ ရခဲ့ပါတယ်။)

(၃) ကျောင်းသားများ ကျောင်းတက်ဖို့ အတွက် လမ်းစရိတ် လျော့ပေါ့ပေးဖို့ အစိုးရကို တောင်းဆို ပေးတဲ့ အတွက် ကျောင်းသားများ လမ်းစရိတ် ထက်ဝက်အထိ လျှော့စျေး ရရှိခဲ့ပါတယ်။

(၄) စာမေးပွဲချိန်မှာ ဆွေမျိုးသားချင်း ထဲက နာရေး ဖြစ်ခဲ့ရင် ဖြစ်စေ၊ မတော်တဆ ကျမ္မာရေး ချို့တဲ့ ခဲ့ရင် ဖြစ်စေ၊ သင့်တင့် လျောက်ပတ်တဲ့ အကြောင်းကြီးငယ်ကြောင့် စာမေးပွဲချိန် မမှီခဲ့ရင် ဖြစ်စေ၊ အဲဒီ ကျောင်းသားများအတွက် စာမေးပွဲ တစ်ခု သီးခြား စစ်ဆေးပေးပါတယ်။

(၅) အင်္ဂလိပ်စကားဟာ မိခင်ဘာသာ စကား မဟုတ်လို့ အခက်အခဲ ရှိတဲ့ ကျောင်းသားများအတွက် စာမေးပွဲ မေးခွန်းဖတ်ချိန်ကို အချိန်တိုးပေးပါတယ်။

(၆) ကျောင်းပိတ်ရက်တွေမှာ ကျောင်းသားတွေ အပန်းဖြေ ခရီးထွက်ဖို့ မပြောပလောက်အောင် အင်မတန် သက်သာတဲ့ နှုံးထားနဲ့ စီစဥ်ပေးပါတယ်။

ဒါတွေဟာ ကျောင်းသား သမဂ္ဂက ကျောင်းသားတွေ အတွက် လုပ်ပေးခဲ့တဲ့ အလုပ်ပေါင်း များစွာထဲက အနည်းငယ်ကိုသာ ကောက်နှုတ်ပြီး ပြောပြတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ – မြန်မာနိုင်ငံမှာ သိခဲ့ရသလို၊ ဒီနေ့ မြန်မာပြည်က သတင်းတွေထဲမှာ တွေ့ရသလို ဒီက ကျောင်းသား သမဂ္ဂဟာ ဘုန်းကြီး သပိတ် ဗြောင်းပြန်ကိုင်ပြီး လမ်းပေါ်ထွက် စီတန်း လှည့်အော်တာမျိုးတော့ မကြုံခဲ့ဖူးပါဖူး။ ကျောင်းသား ကိစ္စနဲ့ မပတ်သက်တဲ့ အခြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများမှာလဲ ဝင်ပါ ဝင်ရှုတ်တာမျိုးလဲ မတွေ့မိပါဖူး။ လိုအပ်လို့ ကျောင်းသား အရေး ကိစ္စ တောင်းဆိုတာတွေ ရှိတဲ့ အခါမှာလဲ လမ်းမပေါ်ထွက်ပြီး အော်ဟစ် တောင်းဆိုတာမျိုး မရှိကြပါဖူး၊ ရုံးခန်းထဲမှာဘဲ စည်းဝေး ညှိနှိုင်း စာထုတ် ကြေညာတာမျိုးဘဲ တွေ့မိပါတယ်။ ဒီ့ပြင် အလှူခံပုံးဆွဲ စပွန်ဆာရှာ တဲ့ အလုပ်မျိုးတွေ၊ မီဒီယာတွေ ဖိတ်ခေါ်ပြီး သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တာလဲ တစ်ခါမှ မတွေ့ခဲ့ရဖူးပါဖူး။ သမဂ္ဂဟာ ကျောင်းသား အသင်းဝင်တွေဆီက အသင်းဝင်းကြေးနဲ့ တက္ကသိုလ်က ထည့်ဝင်ပေးတဲ့ ရန်ပုံငွေရယ်၊ သမဂ္ဂ က လုပ်ကိုင်တဲ့ အခြား လုပ်ငန်းတွေ (ဥပမာ – ကျောင်းသား သက်သာ ချောင်ချိရေး စားသောက်ဆိုင်၊ စာစောင် စာအုပ် ထုတ်ဝေရေး) က ရတဲ့ ဝင်ငွေများနဲ့ သိက္ခာ ရှိရှိ ရပ်တည် တာ တွေ့ရပါတယ်။

ဒါ့ကြောင့်လဲ သူတို့ ဆီက ကျောင်းသား သမဂ္ဂဟာ ကျောင်းသား၊ ဆရာ၊ တက္ကသိုလ် အသိုင်း အဝိုင်းပင် မကဘဲ အစိုးရ ပညာရေး ဝန်ကြီးဌာနကပင် လေးလေးစားစား ဆက်ဆံခံရတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ရတယ်လို့ ထင်ပါတယ်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *