အကြွား ယဥ်ကျေးမှု

ပတ္တမြားကြီးကို မြန်မာတွေက ပြင်သစ်ကို ထုတ်ကြွားလိုက်တာမှာ၊ အင်္ဂလိပ်တွေမှာ မြန်မြန် လက်ဦးယူ တက်သိမ်းဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စဥ်းစားကြည့်ရရင် အထုတ်ဖြေ ကြွားခြင်းဖြင့် ဂုဏ်တက်မယ် ထင်ခဲ့ကြဟန် တူပါတယ်။

အရှေ့တောင် အာရှသားတွေရဲ့ အလေ့အကျင့် တစ်ခုဖြစ်တဲ့ ကြွားဝါတတ်တဲ့ အလေ့အထ အောက်မှာ ကြီးပြင်းလာရတဲ့ မိမိ အနေနဲ့ ကြွားတာဟာ မဆိုးရွားတဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပြီး၊ ယဥ်ကျေးမှု တစ်ခုလိုဘဲ ထင်မှတ်ခဲ့ပါတယ်။

မြန်မာ၊ စင်ကာပူ တရုတ်၊ ထိုင်း စတဲ့ လူမျိုးများအကြား အချို့သော သူများကတော့ ကြွားတာကို မနှစ်သက်ကြပါဖူး။ ဒါပေမဲ့လဲ သူတို့ကိုယ်တိုင်ကတော့ အခွင့်ရရင် ရသလို ကြွားတတ် ကြတာကြောင့် – အချို့ကလဲ ‘ရှိလို့ ကြွားနိုင်တာ၊ မရှိတော့ ဘယ်လိုကြွားမလဲ?’ ဆိုပြီး တုန့်ပြန်တတ် ကြ ပါတယ်။ တစ်ခါ သူပြိုင် ကိုယ်ပြိုင် ကြွားကြလို့ မနိုင်တဲ့ အခါမှာ – ‘အထင်ကြီးစရာ မရှိပါဖူး၊ ကိုယ့်ရှိမှ ကိုယ်စားနိုင်တာပါ’ ဆိုပြီး လုပ်တတ်ကြပြန်ပါတယ်။ တကယ်တန်းမှာတော့ ကြွားဝါခြင်းဟာ ယဥ်ကျေးမှုလို ဖြစ်နေတဲ့ အခါမှာတော့ – ရှိရင် ရှိတာကို ရှိသလောက် ထုတ်ဖော်ကြွားရတာကိုပင် ဂုဏ် တစ်ခုအနေနဲ့ သတ်မှတ်ကြတာ တွေ့ရပါတယ်။

မြန်မာ့သမိုင်းကို အရင်ဆုံး ပြန်ကြည့်မယ် ဆိုရင် အကြွားကောင်းလို့ မန္တလေး စောစောစီးစီး အင်္ဂလိပ် လက်အောက် ရောက်ရတာလို့ မြင်ပါတယ်။ အင်္ဂလိပ်က အောက်မြန်မာနိုင်ငံကို သိမ်းထားပြီး အထက်ဖက်ကို သိမ်းဖို့ အချိန်ဆွဲထားနေတုန်းမှာ၊ မိုးကုတ်က ပြည်တန် ပတ္တမြားကြီးကို မြန်မာတွေက ပြင်သစ်ကို ထုတ်ကြွားလိုက်တာမှာ၊ အင်္ဂလိပ်တွေမှာ မြန်မြန် လက်ဦးယူ တက်သိမ်းဖို့ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စဥ်းစားကြည့်ရရင် အထုတ်ဖြေ ကြွားခြင်းဖြင့် ဂုဏ်တက်မယ် ထင်ခဲ့ကြဟန် တူပါတယ်။ ဒါ့ကြောင့်လဲ ဒီပတ္တမြားကြီးဟာ ပြည်တန်တယ် ဆိုတဲ့ အကြွားသမိုင်းကြောင်းကို မိမိငယ်စဥ် စာသင်ကျောင်းတွေမှာ ဂုဏ်ယူစရာ သင်ကြရသလို၊ ပန်းချီ ဆရာတွေကလဲ ခန်းခန်းနားနား သရုပ်ပုံ ဖော်ထားတွေ တွေ့ရပါတယ်။

A Mogok made gem painting shows King Mindon presenting the Nga Mauk Ruby to a Frenchman around 1870. Photo by Vincent Pardieu, ©GIA.

တရက်မှာ အမေက အဆောင်ကျောက် တစ်လုံး အမြဲဆောင်ထားဖို့ ပေးတာနဲ့ ရွှေဆိုင်မှာ ရွှေလက်စွပ် ကွင်းလုပ်ဖို့ သွားအပ်ပါတယ်။ လက်စွပ်ဆိုတော့ ရွှေတမတ်သားလောက်နဲ့ လုပ်ရင် ရတာမို့ ဆိုင်က တမတ်သား ဝန်းကျင် လက်စွပ် ဒီဇိုင်းတွေအမျိုးမျိုး ထုတ်ပြပါတယ်။ ‘ဒီပုံစံလေး လုပ်မယ် ဆိုရင်တော့ ရွှေသိပ်မကုန်ဖူး၊ သူက ခပ်ကြွားကြွားလေးလဲ ရှိတယ်’ လို့ အရောင်းဆိုင် က တိုက်တွန်းပါတယ်။ ရွှေဆိုတာ အလှဆင်ဖို့ လာဝယ်ကြတာထက် ကြွားဖို့ လာဝယ်ကြတဲ့ ဖောက်သည်က ပိုများတာကြောင့် ဆိုင်ကလဲ ခပ်ကြွားကြွား ဖြစ်စေမဲ့ ပုံတွေကို ထုတ်ပြီး အဝယ်လာသူတွေကို တိုက်တွန်းကြမယ် ထင်ပါတယ်။

မိမိ စင်ကာပူမှာ နေထိုင်ခဲ့စဥ်က စင်ကာပူမှာ မော်တော်ကားစျေးတွေဟာ မတန်တဆ အင်မတန် စျေးကြီးလွန်းပါတယ်။ မိမိရဲ့ မိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဟာ စင်ကာပူ ဒေါ်လာ (၈) သိန်းတန် ကားတစ်စီးကို ဘဏ်ကချေးငွေနဲ့ ဝယ်လိုက်ပါတယ်။ ဒီလောက် တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ဘာတွေကြိုက်လို့များ ဘဏ်ငွေချေးပြီးတောင် ဝယ်ရသလဲလို့ သိချင်တာနဲ့ စပ်စုကြည့်တော့ – စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အပြကောင်းအောင် ဝယ်စီးတာလို့ ရိုးရိုးသားသား ဝန်ခံပါတယ်။ အကြွား ယဥ်ကျေးမှု သက်ဝင်နေတဲ့ အခါမှာ – ကားရဲ့ ခိုင်ခံ့မှု၊ လုံခြုံမှု၊ သက်တောင့်သက်သာ ရှိမှု စတဲ့ လိုအပ်ချက်တွေကို စျေးပေးဝယ်တာ မဟုတ်ဘဲ အပြသက်သက် အတွက်ပင် ရင်းနှီးမြှပ်နှံ တတ်ကြတာကိုလဲ တွေ့ရပါတယ်။

အခုစာရေးသူ မိမိဟာလဲ ဒီယဥ်ကျေးမှုအောက်ကပင် မွေးဖွားကြီးပြင်းလာတာ မို့လို့၊ ကြုံရင်ကြုံသလို ကြွားတတ်ခဲ့တာတော့ အမှန်ပါဘဲ။ သို့ပေမဲ့ သြစတေးလျကို ရောက်ပြီး တနေ့နဲ့ တနေ့ ကြွားရမှာကို ရှက်တတ်လာပါတော့တယ်။

သြစတေးလျ နိုင်ငံမှာတော့ ကြွားတာဟာ အင်မတန် ရှက်စရာ ကောင်းတဲ့ အလုပ်ပါ။ ကြွားတာဟာ မယဥ်ကျေးတဲ့ လူတစ်ယောက် လုပ်တတ်တဲ့ အလေ့အကျင့်လို့ သတ်မှတ်ပါတယ်၊ ပညာမဲ့ လုပ်ရပ်လို့လဲ မြင်ကြပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို နှိမ့်ချ ပြောဆို ဆက်ဆံတတ်သူကို အထင်ကြီး လေးစားကြပါတယ်၊ ဒီလို လူမျိုး ဆိုရင်လဲ နိုင်ငံကြီးသား ပီသတယ်လို့ သတ်မှတ်ကြပါတယ်။

နယူးဆောက်ဝေးမှာ မကြာသေးခင်က သက်ကြီးရွယ်အို နာမစွမ်းတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အလုပ်သမား တယောက် ဒေါ်လာ သန်း (၁၀၀) ထီပေါက်သွားခဲ့ပါတယ်။ သူ့ကို ရှေ့ဘာဆက်လုပ်မလဲ? အလုပ်က ထွက်မှာလား? ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတည်ထောင်မလား? မေးတဲ့ အခါ၊ မထွက်ပါဖူးတဲ့။ သူ့ အလုပ် သူဆက်လုပ်နေမှာပါတဲ့၊ အခု လက်ရှိ သူ့အလုပ်ကို သူ ဂုဏ်ယူ မြတ်နိုးပါတယ်တဲ့။ အခု ရတဲ့ သန်း (၁၀၀) နဲ့ အရင်ဆုံး ဘာလုပ်မလဲလို့ မေးတဲ့ အခါ – အပေါစား ဝိုင်တစ်ခွက်နဲ့ အထိမ်းအမှတ် လုပ်ပါမယ် လို့ ပြန်ဖြေပါတယ်။

စစ်ဒနီ တက္ကသိုလ်က ပရော်ဖစ်ဆာ တယောက်ဟာ သူလုပ်ခဲ့တဲ့ သုတေသန အကြောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ရှင်းပြဖို့ ခန်းမဆောင်ထဲ ဝင်လာပါတယ်။ သူဟာ သူ့ ရူးဖိနပ်ကို ငုံ့ကြည့် ငုံ့ကြည့်လုပ်ပြီး ပြုံးနေတော့၊ သတိထားမိတဲ့ ကျောင်းသားတွေရဲ့ မျက်လုံးကလဲ သူ့ရူးဖိနပ် ဆီကို ရောက်သွားပါတယ်။ ဒီအခါ ပရော်ဖစ်ဆာက သူ့ရူးဖိနပ်တဖက်ကို မြှောက်ပြရင်း – “ဒီဖိနပ်ကို မနေ့ကမှ အဟောင်းဆိုင်က ဝယ်လာတာ၊ နှစ်ဒေါ်လာဘဲ ပေးရတယ်” ဆိုပြီး၊ နှစ်ဒေါ်လာတန် တပတ်နွမ်း ဖိနပ် စီးလာရတာကိုပင် ဂုဏ်ယူတဲ့ လေသံနဲ့ ပြောပြပါတယ်။ နှစ်ဒေါ်လာ ဆိုတာ သြစတေးလျမှာ စီးကရက် တစ်လိပ် တန်ဖိုးသာ ရှိပါတယ်။

စာရေးသူ သြစတေးလျမှာ တက္ကသိုလ် တက်နေစဥ် အချိန်က အတန်းဖော် သြစတေးလျ နိုင်ငံသား တစ်ယောက်နဲ့ အင်မတန် ခင်ခင်မင်မင် တွဲမိခဲ့ပါတယ်။ သူ့မှာ အနေအထိုင် ရိုးစင်းလှပြီး၊ ခြိုးခြံ သုံးစွဲတတ်ပါတယ်။ ကျောင်းမှာလိုအပ်တဲ့ ကျောင်းစာအုပ်တွေတောင် တတ်နိုင်ရင် မဝယ်ဘဲ စာကြည့်တိုက်မှာဘဲ သွားဖတ်ပါတယ်။ ကျောင်းကို ရထားနဲ့ဘဲ လာပြီး၊ ရထားနဲ့ဘဲ အမြဲပြန်ပါတယ်။ တစ်ခါတလေ အပြင်မှာ မုန့်သွားစားကြမယ်၊ ရုပ်ရှင်သွားကြည့်မယ် ဆိုရင်လဲ သူက စျေးအသက်သာဆုံးကို ရွေးပါတယ်။ ဒီလို သုံး၊လေးနှစ်လောက် အတူတွဲလာပြီးတဲ့ နောက်ပိုင်းမှ တရက် သူ့အိမ်ကို ဖိတ်လို့ ရောက်ဖူးတဲ့ အခါ သူ့အိမ်ဟာ ပင်လယ်ကမ်းခြေ မှာ ဆောက်ထားတဲ့၊ သူတို့ နေတဲ့ ရပ်ကွက် တန်ဖိုးအရဆိုရင် အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ လောက် တန်တဲ့ အိမ်ဖြစ်နေတာကို တအံ့တသြ တွေ့ရတယ်။ တကယ်တော့ သူဟာ သန်းထောင်ချီ ချမ်းသာတဲ့ သြစတေးလျက နာမည်ကြီး သူဌေးကြီးရဲ့ သားဆိုတာ သိလိုက်ရတယ်။

လူ့ယဥ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုကနေ အခြား လူ့ယဥ်ကျေးမှု အသိုင်းအဝိုင်း တစ်ခုကို ရောက်တဲ့ အခါ၊ အလိုက်သင့် အပ်စပ်ဖို့ အင်မတန် ခက်ခဲပါတယ်။ မိမိ အနေနဲ့ အကြွား ယဥ်ကျေးမှု အသိုင်းအဝိုင်း ကနေ ကိုယ့်ကိုယ်ကို နှိမ့်ချနေတတ်တဲ့ လူ့ယဥ်ကျေးမှု အသိုင်းအဝိုင်းကို ရောက်လာတဲ့ အခါမှာတော့ ကြွားဝါရတာဟာ ရှက်စရာ ဆိုတာ သိလာရပေမဲ့၊ ပထမတော့ တောသား ဗီဇ ဆိုသလို ကြွားရတာ အကျင့်ပါနေတတ်ပါသေးတယ်။ ဒါပေမဲ့လဲ ဒီအကျင့်ဟာဖြင့် နိုင်ငံကြီးသားတွေရဲ့ အကျင့် မဟုတ်ဖူး၊ လူကြီးလူကောင်း မဆန်ဖူး၊ ကမ္ဘာ့ ပညာတတ် အသိုင်းအဝိုင်းက ကဲ့ရဲ့ကြတယ် ဆိုတာကို သဘောပေါက်လာတဲ့ အခါ ဒီအလေ့အကျင့်ကို မကောင်းတဲ့ အကျင့်လို့ဘဲ မှတ်ယူ ကြိုးစား ဖျောက်ရပါတော့တယ်။

Share this:

2 thoughts on “အကြွား ယဥ်ကျေးမှု”

Leave a Reply

Your email address will not be published. Required fields are marked *