အမေရိကန် ထောင်ထွက် တစ်ယောက်ပြောပြတဲ့ “ကိုယ့်တာဝန်”

ထောင်သား လုပ်ဖော်ကိုင်ဖက်က – “စားပွဲပေါ်မှာ တင်ထားတဲ့ ကြက်ဥတွေ အကုန်ကျော်လိုက်ပေါ့ကွ” ဆိုတဲ့ အတွက်၊ သူလဲ စားပွဲပေါ် တွေ့တဲ့ ကြက်ဥတွေ အားလုံး ကျော်ထားလိုက်ပါတယ်။

တာဝန်ယူတယ်၊ တာဝန်ခံတယ် ဆိုတာ နိုင်ငံရေးမှာမှ မဟုတ်ပါဖူး။ သိက္ခာရှိ ဂုဏ်ရှိတဲ့ လူတစ်ယောက်ရဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်။ ဂုဏ်သိက္ခာ ရှိတဲ့ လူတွေဟာ ကိုယ့်တာဝန် ကိုယ်ယူရဲတဲ့ သူတွေဖြစ်ကြပြီး၊ သူရဲဘောကြောင် အညံ့စား လူ့အောက်တန်းလွှာကတော့ ဒါကို မသိနားမလည်ကြပါဖူး။

ကိုယ့်တာဝန် ကိုယ်ယူရဲတယ် ဆိုတာနဲ့ ပတ်သက်ပြီး၊ တစ်ခါက အမေရိကားမှာ ထောင်ကျခဲ့ဖူးတဲ့ မြန်မာတစ်ယောက်နဲ့ ဆုံခဲ့ဖူးချိန်က သူပြောပြတာတစ်ခု မှတ်မိပါတယ်။

ထောင်ကျနေစဥ် တစ်ရက်မှာ သူဟာ အခြား ထောင်သား အချို့နဲ့ အတူ ထောင်သားအားလုံး မနက်စာစားဖို့ ချက်ပြုတ် ပြင်ဆင်တဲ့ နေရာမှာ တာဝန် ယူရပါတယ်။ သူကတော့ ကြက်ဥတွေကို ကျော်ဖို့ လုပ်ရပါတယ်။ ကြက်ဥ ကျော်ရမယ်ဆိုတော့ သူ ဘယ်နှစ်လုံး ကျော်ရမယ် ဆိုတာကို မသိပါဖူး၊ ဒါ့ကြောင့် သူနဲ့ အတူ တာဝန်ကျနေတဲ့ ထောင်သား လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။

ထောင်သား လုပ်ဖော်ကိုင်ဖက်က – “စားပွဲပေါ်မှာ တင်ထားတဲ့ ကြက်ဥတွေ အကုန်ကျော်လိုက်ပေါ့ကွ” ဆိုတဲ့ အတွက်၊ သူလဲ စားပွဲပေါ် တွေ့တဲ့ ကြက်ဥတွေ အားလုံး ကျော်ထားလိုက်ပါတယ်။

ထောင်အတွက် မနက်စာကို ပြင်ဆင်ပြီးတဲ့ အခါမှာတော့ ထောင်အရာရှိက လာပြီး စစ်ဆေးပါတယ်။ ဒီအခါ ကြက်ဥတွေ အများကြီးကျော်ထားတာ တွေ့တဲ့ အတွက် ကြက်ဥကျော်တဲ့ သူကို ခေါ်ပြီး – “စားပွဲပေါ်မှာ တင်ထားတဲ့ ကြက်ဥတွေကို ထောင်မှာ တစ်ပတ်စာ စားဖို့ တင်ထားတာ၊ မင်းက အကုန်လုံး တစ်ခါတည်း ကျော်လိုက်တယ်၊ ဒီ့အတွက် မင်းကို အပြစ်ပေးရမယ်” လို့ ပြောပါတယ်။

ဒီအခါ သူက – “ကျနော် မသိပါဖူး၊ ဟို တစ်ယောက်က ပြောလို့ လုပ်ရတာပါ” လို့ ပြန်ပြောတယ် ဆိုရင်ဘဲ ထောင်အရာရှိက သူ့ကို နံပါတ်တုတ်နဲ့ ရိုက်နှက်ပြီး၊ သီးသန့် ထောင်ခန်း အကျဥ်းထဲမှာ တရက် ထားခံလိုက်ရပါတယ်။

အမေရိကန် အကျဥ်းထောင်တွေမှာ ကိုယ်လုပ်ရင် ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ့်ပြဿနာ ကိုယ်ရှင်း၊ ကိုယ့်အပြစ် ကိုယ်ခံရပါတယ်။ ဒါမှ မဟုတ်ဘဲ သူများကို လက်ညိုးထိုးပြီး၊ သူများပြောလို့ လုပ်ရတာပါလို့ ကိုယ့်အပြစ်ကို သူများ အပေါ် လွှဲချရင်တော့ အင်မတန်မှ အပြစ် ပိုကြီး သွားတတ်ပါတယ်။

ဒီလိုပုံစံနဲ့ အမေရိကန်ထောင်တွေမှာ ထောင်သားတွေကို တာဝန်ယူ၊ တာဝန်ခံတတ်တဲ့ သိက္ခာရှိ ဂုဏ်ရှိတဲ့ နိုင်ငံသားတွေ ဖြစ်အောင် ပြုစု ပျိုးထောင်ပေးတာကို တွေ့ခဲ့ရတယ်လို့ အမေရိကားမှာ ထောင်ကျခဲ့ဖူးတဲ့ မြန်မာတစ်ယောက်က သူ့ရဲ့ ကိုယ်တွေ့ကို သူပြန်ပြောလို့ သိခဲ့ရပါတယ်။

Share this:

Leave a Reply

Your email address will not be published. Required fields are marked *