အမြှောက်ကြိုက်သူများ

မြန်မာလူမျိုးအများစုဟာ မြှောက်ပင့်တာကို ခံရရင်ဖြင့် သည်းချေကြိုက်ပြီး ဦးဏှောက်က အလုပ် မလုပ်တော့ကို ကောင်းကောင်းသိတဲ့ ပေါက်ခေါင်းသား နေဝင်း စစ်အစိုးရဟာ တတိုင်းပြည်လုံးကို မြှောက်ပင့်ပြီး ညာစား လိမ်စား ခိုးစားခဲ့ပါတယ်။

တကယ်တန်း မြှောက်ပင့်တာကို ကြိုက်တတ်ကြတာ လူတိုင်းရဲ့ ထုံးစံ တစ်ခုဘဲလို့ ပြောရင် ရပေမဲ့၊ မြန်မာလူမျိုး အများစုမှာတော့ မြှောက်ပင့်ခံရရင် အင်မတန် သဘောခွေ့ မနောတွေ့လို့ ဘာမှ စဥ်းစားတွေးခေါ် မနေတော့ဘဲ – တောင်းရင်ပေး၊ ခိုင်းရင်လုပ်၊ ဂျောက်တွန်းရင်တောင် ဂျောက်ထဲ သိသိကြီးခုန်ဆင်းတဲ့ အထိ အကြိုက်လွန်ကြတာ တွေ့ရပါတယ်။

ကိုယ်တွေ့ တစ်ခုပြောပြရရင် – ရန်ကုန် တက္ကသိုလ် ပထမနှစ်မှာတုန်းက အတန်းဖော် ကျောင်းသား တစ်ယောက်ကို အခြား အတန်းဖော် တစ်သိုက်က သူ သိပ်သတ္တိရှိတာဘဲ၊ လုပ်ရဲ ကိုင်ရဲ သိပ်ရှိတာဘဲ၊ သူမှန်ရင်ဖြင့် ဘယ့်သူ့မှ ဂရုမစိုက်ဖူး၊ အဲဒီလိုတွေပြောပြီး မြှောက်ပင့်လို့ နောက်ဆုံး လူပုံအလယ် ပုဆိုးချွတ် ကပြရဲတယ်ဆိုပြီး ဝိုင်းမြှောက်ပင့်ကြတဲ့အခါ၊ အဲဒီ အမြှောက်ခံ ရတဲ့ ကျောင်းသားဟာ အခြားသူတွေရှေ့မှာ တကယ့်ကို ပုဆိုးချွတ် ထ, ကပြတာကို တွေ့ရဖူးပါတယ်။

ဒီလို မြန်မာလူမျိုးအများစုဟာ မြှောက်ပင့်တာကို ခံရရင်ဖြင့် သည်းချေကြိုက်ပြီး ဦးဏှောက်က အလုပ်မလုပ်တော့ကို ကောင်းကောင်းသိတဲ့ ပေါက်ခေါင်းသား နေဝင်း စစ်အစိုးရဟာ တတိုင်းပြည်လုံးကို မြှောက်ပင့်ပြီး ညာစား လိမ်စား ခိုးစားခဲ့ပါတယ်။

ငါတို့ မြန်မာပြည်ဟာ ဆွေ ၇ ဆက် မျိုး ၇ ဆက် စားလို့မကုန် လှူလို့မခန်း ကျောက်သံပတ္တမြား၊ သယံဇာတတွေ အင်မတန်ကြွယ်ဝတဲ့ သူဌေးတိုင်းပြည်ရယ်လို့ ဆိုတဲ့အခါ၊ တိုင်းသူ ပြည်သား လူအများလဲ – ဒါဒို့ပြည်၊ ဒါဒို့မြေနဲ့ လက်မ ထောင်နေခဲ့ရာက ဆွေတစ်ဆက် မျိုးတစ်ဆက်တောင် မကုန်သေးခင် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်သွားတဲ့ အခါမှ အခြေအနေအမှန်ကို ရေးရေး မြင်ခဲ့ကြရပါတယ်။

ကမ္ဘာ့အလယ်မှာ အံ့မခန်းရှိတဲ့ မြန်မာ့ ယဥ်ကျေးမှုနဲ့ အနုပညာ ဆိုတာဟာလဲ – အရှေ့တောင် အာရှက ထွက်လိုက်လို့ အခြား နိုင်ငံ တစ်ခုခု ရောက်တယ် ဆိုရင်ဘဲ၊ မြန်မာပြည်ဟာ ဘယ်ဆီဘယ်နား ရှိသလဲလို့တောင် အမြဲတမ်းလိုလို အမေးခံရတော့မှ မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံ စာရင်းထဲ ပါရဲ့လားတောင် သံသယ ဖြစ်ခဲ့မိပါတယ်။

သူတပါးက မြှောက်ပင့်တိုင်း မြောက်ကြွမယ်၊ သွေးနားထင်တက်မယ်၊ ဘဝင်တက်မယ် ဆိုရင်တော့ အင်မတန် အန္တရာယ်ကြီးမှာပါ။ အခြေအနေ အမှန်ကို မလေ့လာ၊ ကိုယ်တိုင် မစူးစမ်း မဆင်ခြင်ဘဲ၊ သဘောတွေ့ မနောခွေ့နေတတ်တဲ့အခါ၊ သူတပါးရဲ့ အောက်ရောက် သူတပါး လုပ်ကြံတာ ခံရတတ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

မြှောက်ပင့်တယ် ဆိုတာကတော့ အချို့က လာဒ်လာဘ မျှော်ကိုးပြီး မြှောက်ပင့်တာ ရှိသလို၊ အချို့ကတော့ မျက်နှာလိုလို့ ဒါမှမဟုတ် ကိုယ့်အကျိုးအတွက် အသုံးချဖို့မှာ အခြားတစ်ယောက်ကို မြှောက်ပင့်ပြီး လုပ်စားတာမျိုးလဲ ရှိသလို၊ ဓလေ့ထုံးစံ အရ၊ ယဥ်ကျေးမှု အရလဲ မြှောက်ပင့်တာ ရှိကြပါတယ်။ ဥပမာ ရှေးမြန်မာ မင်းများ လက်ထက်က ဆိုရင် ရှင်ဘုရင်များကို စာဆို သီကုံးလို့ ပတ်လုံးများနဲ့ပင် မြှောက်ပင့် ပေးရတယ် ဆိုတာကြားဖူးပါတယ်။

ဒီလိုဘဲ သြစတေးလျမှာဆိုရင်လဲ – သူတို့ ပြောတတ်ကြတဲ့ ‘Good on you’ ဆိုတဲ့ စကားကို မကြာခဏ ကြားနေရပါတယ်။ အဓိပ္ပါယ်က “မင်းတယ်ဟုတ်တာဘဲ” လို့ မြန်မာလို ဆိုတာမျိုး ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုမှာက သြစတေးလျက လူအများကတော့ မြှောက်ပင့်တိုင်း မြောက်လေ့ မရှိကြတာပါဘဲ။ သူတို့ကို မြှောက်ပင့်ရင် သူတို့ ရှက်တတ်ကြ သလို၊ မြှောက်ပင့်စရာ မဟုတ်တဲ့ ကိစ္စတစ်ခုလို တုန့်ပြန် တတ်ကြပါတယ်။

ဥပမာ တစ်ခုဆိုရရင် တစ်ခါက မိတ်ကပ်ပညာနဲ့ အမေရိကားမှာ အော်စကာဆု ရယူခဲ့တဲ့ သြစတေးလျ မိတ်ကပ်ပညာရှင် တစ်ယောက်ကို ဝိုင်းဝန်းမြှောက်ပင့် ကြတဲ့ အခါ သူက – သူ့ကြိုးစားမှုကို အသိအမှတ်ပြုတဲ့ တံဆိပ် တစ်ခုပါဘဲ၊ သူ ဒီလောက်ထူးချွန် ပြောင်မြောက် လှတယ်လို့ သူမထင်ပါဖူး၊ သူ့ထက်သာလွန် တော်ကြသူတွေ အများကြီး ရှိကြပါတယ် လို့ တုန့်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လဲ တစ်ခါက ကမ္ဘာ့နိုင်ငံ အသီးသီးကနေ ဆုတံဆိပ်တွေ အပြိုင်အဆိုင် ပေးပြီး မြှောက်ပင့်တဲ့ အခါမှာ – သူရှက်မိပါတယ်၊ သူလုပ်ရပ်ဟာ သူ့ကိုယ်ပိုင် ရွေးချယ်မှု သက်သက် တစ်ခုသာ ဖြစ်ပါတယ်လို့ ရိုးရိုးလေး ပြောခဲ့ဖူးတာ သိကြမှာပါ။

သူတပါးက ‘မင်းတယ်ဟုတ်တာဘဲ’ ဆိုတာနဲ့ ‘ငါတယ်ဟုတ်ပါလား’ လို့ မှတ်ယူလိုက်လို့ ကတော့ ကိုယ့်ကိုယ်ကို ကြိုးတုတ်ခံရပြီလို့သာ သတ်မှတ်ရပါတော့မယ်။ ဒါကြောင့်မို့ သူတပါး မြှောက်ပင့်တာကို ကျေနပ်နှစ်သက် မနေဘဲ၊ အခြေအနေမှန်ကို ယထာဘူတ ကျကျလေ့လာပြီး ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ဥာဏ်နဲ့ ကိုယ် ယှဥ်ပြီးသာ ချင့်ချိန် လုပ်သင့်မယ်လို့ ထင်ပါတယ်။


Share this:

Leave a Reply

Your email address will not be published. Required fields are marked *