ကျွဲအိုင်ထဲက ဖားကလေး

မိမိတို့ မြန်မာပြည်ဟာဖြင့် အဖက်ဖက်က နိမ့်ပါးနေတယ်၊ လိုအပ်နေတယ်။ ဒါကို အမှန်အတိုင်း လေ့လာသုံ့သပ်ပြီး အဆင့်အတန်း မြှင့်တင်ဖို့ ဆိုတာ လိုအပ်ချက်တွေကို ရှာဖွေရမယ်၊ ဆည်းပူးရမယ်၊ စုဆောင်းကြရမှာပါ။

စာရေးသူဟာ မြန်မာ့ ရုပ်ရှင် လုပ်ငန်း အသိုင်းအဝိုင်းမှာ ကြီးပြင်းလာသူ တစ်ယောက် ဖြစ်တာကြောင့် မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ ပတ်သက်လို့ စတင် ရိုက်ကူးတာကနေ နောက်ဆုံး ရုံတင် ပြသတဲ့ အထိ အဆင့်ဆင့် လုပ်ကိုင်ပုံတွေကို သိမြင်ခဲ့ဖူးပါတယ်။

၁၉၈၅ ခုနှစ်လောက် အထိ စာရေးသူ မြန်မာနိုင်ငံမှာ ရှိစဥ် သိသလောက် ပြောရရင် မြန်မာပြည်က ရုပ်ရှင် ဒါရိုက်တာများဟာ ဒုတိယ ကမ္ဘာစစ် ကာလလောက်က ဂျပန်နိုင်ငံမှ ရခဲ့တဲ့ ရုပ်ရှင်ပညာကို ပြည်တွင်းမှာဘဲ ဆက်လက် လက်ဆင့်ကမ်းရင်းနဲ့ နောက်ပိုင်း ကိုယ်တိုင် စမ်းသပ် ရိုက်ကူး ကြည့်ရင်း၊ နိုင်ငံခြား စာအုပ်များဖတ် လေ့လာရင်း၊ အကြားအမြင် ဗဟုသုတ အတွေ့အကြုံ ကနေ ဖြစ်လာကြတာ တွေ့ရပါတယ်။

ဒါ့ကြောင့်ဘဲ စာရေးသူဟာ သြစတေးလျနိုင်ငံရဲ့ တက္ကသိုလ် တစ်ခုမှာ ဘွဲ့လွန်သင်တန်း တက်ခွင့်ရတဲ့ အခါ၊ ကိုယ်တိုင် ငယ်စဥ်က မြန်မာ့ ရုပ်ရှင်လုပ်ငန်းနဲ့ နီးစပ်လာခဲ့တဲ့ အလျှောက် ဒီအခွင့်အရေးကို ယူပြီး ရုပ်ရှင် အနုပညာနဲ့ ထုတ်လုပ်ရေး ဆိုင်ရာ ဘွဲ့လွန်သင်တန်းကို ရွေးချယ် တက်ရောက်ခဲ့ပါတယ်။ ဒီအခါ ရုပ်ရှင် ဇာတ်ကား တစ်ခုကို ဘယ်လို ခွဲခြမ်းစိတ်ဖျာ လေ့လာကြည့်ရတယ်ကအစ၊ ရုပ်ရှင် ဇာတ်ညွှန်း ရေးပုံ၊ ထုတ်လုပ်ရေး ဒီဇိုင်းဆွဲပုံ၊ ရိုက်ကူး ထုတ်လုပ်ရေး နည်းပညာ စည်းစံနစ် တို့ကို အသေးစိတ် သင်ယူခဲ့ရပါတယ်။

အဲသည်လို သင်ယူခဲ့တဲ့ အခါမှာတော့ ဘာ့ကြောင့် ကင်မရာကို အပေါ်ကနေ ထားရိုက်သလဲ၊ တစ်ခါလဲ ဘာကြောင့် အောက်ဖက်ကနေ ထားရိုက်သလဲ၊ ဘာ့ကြောင့် အလင်းများများ ပေးသလဲ၊ နည်းနည်း ပေးသလဲ၊ ဘာကြောင့် အနီးကပ် ပြသလဲ၊ အဝေးကကနေ ပြသလဲ၊ ဘာကြောင့် အနီရောင်ကို သုံးသလဲ၊ အနက်ရောင်ကို သုံးသလဲ၊ ဘာကြောင့် ဇာတ်ကောင်အသံကို တိုးပေးသလဲ၊ နောက်ခံ သီချင်းအသံကို ကျယ်ပေးသလဲ၊ ဇာတ်လမ်းမှာ ဆိုရင်လဲ ဘာကြောင့် ဒီဇာတ်ကောင်ကို ထည့်သုံးသလဲ၊ ဒါတွေဟာ အားလုံး ကြည့်ကောင်းသလို လုပ်ကြတာမဟုတ်ဘဲ အကျိုးအကြောင်းနဲ့ နည်းစံနစ်နဲ့ လုပ်ကြရတယ်ဆိုတာ နားလည်လာခဲ့ပါတယ်။

ဒီနောက်တော့ ဆရာ့ ဆရာကြီးတွေလို့ ခေါ်နိုင်တဲ့ မြန်မာပြည်က နာမည်ကြီး ဒါရိုက်တာကြီးများ ကိုယ်တိုင်ပင် စာရေးသူ မြန်မာပြည်မှာ နေထိုင်ခဲ့စဥ် ကာလအထိတော့ ရုပ်ရှင်တစ်ကား ပြင်ဆင်၊ ရိုက်ကူး ထုတ်လုပ်ပုံ များဟာ အင်မတန်မှ ခေတ်နောက်ကျလွန်းပြီး၊ ချို့ယွင်းချက်၊ လစ်ဟာချက်၊ လိုအပ်ချက်တွေ အပြင် အမှားအယွင်းတွေပါ အများအပြား ရှိခဲ့ကြတယ် ဆိုတာကို တွေ့လာရပါတယ်။

ဒါ့ကြောင့်လဲ ဒီလို ခေတ်ရုပ်ရှင် ပညာကို အမေရိကားမှာ သွားရောက် လေ့လာခဲ့ဖူးတဲ့ မြန်မာရုပ်ရှင် မင်းသမီးကြီး တစ်ယောက်က မြန်မာ့ ရုပ်ရှင်ဟာဖြင့် ‘ရွာ’ အဆင့်အတန်းဘဲ ရှိသေးတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင်ဖြင့် ဘာဖြစ်လို့ ရွာအဆင့်လို့ သတ်မှတ် ပြောရပါလဲ? ဘာတွေများ လိုအပ်ပါသလဲ? ဒီလို လေ့လာသင်ယူ ဆည်းပူးယူရမဲ့ အစား တောသားဗီဇ နဲ့ နောက်ပေါက် ဒါရိုက်တာလေးက သူတတ်သလောက် သူသိသလောက်နဲ့ ကက်ကက်လန် စွာပြတာ သတင်းမှာ ဖတ်လိုက်ရပါတယ်။

ဒီနေ့တော့ မြန်မာပြည်မှာ “Line Walker 2” ဆိုတဲ့ ရုပ်ရှင်လာရိုက်တဲ့ အခါ အဲဒီ ဒါရိုက်တာလေးကဘဲ “သူတို့ ကမ္ဘာကျော်တာလည်း မပြောနဲ့ ပြင်ဆင်မှုတွေ၊ ကြိုးစား အားထုတ်မှုတွေရော၊ အချိန်တွေရော၊ လူတွေရော၊ ငွေတွေ သုံးတာတွေက ကြောက်ခမန်းလိလိပဲ” ဆိုပြီး မှတ်ချက်ပေးပြန်တယ်လို့ ဖတ်ရပါတယ်။

ဒါတောင် Line Walker ဆိုတဲ့ ရုပ်ရှင်ဟာ ကမ္ဘာမှာ ဒီလောက် အဆင့်မြင့်တဲ့ ရုပ်ရှင်ကား တစ်ခုမဟုတ်သေးဘဲ သာမာန် အဆင့်အတန်း အက်ရှင်ကား တစ်ကားလောက်ဘဲ ရှိပါသေးတယ်။ ဒီလောက်တောင် သူ့မှာ ကြောက်ခမန်းလိလိ ဆိုခဲ့ရင် သူကိုယ်တိုင် မြို့ရောက်လို့ အထပ် ၂၀ တိုက်ကြီးတွေကို တွေ့တဲ့အခါ ကြောက်ခမန်းလိလိပါလား လို့ ပြောတဲ့ ရွာသူမလေး တစ်ယောက်လို ဖြစ်နေတယ် ဆိုတာ သတိမထားမိသလား မသိပါ။

တကယ်တော့ စာရေးသူကိုယ်တိုင်ဟာ အဲဒီ ဒါရိုက်တာကို အပြင်မှာ ခင်မင် သိကျွမ်းသူပါ၊ သူ့ကို ပုဂ္ဂိုလ်ရေး အရ အတိုက်အခိုက်လုပ် လိုတာ မဟုတ်ပါဖူး။

မိမိတို့ မြန်မာပြည်ဟာဖြင့် အဖက်ဖက်က နိမ့်ပါးနေတယ်၊ လိုအပ်နေတယ်။ ဒါကို အမှန်အတိုင်း လေ့လာသုံ့သပ်ပြီး အဆင့်အတန်း မြှင့်တင်ဖို့ ဆိုတာ လိုအပ်ချက်တွေကို ရှာဖွေရမယ်၊ ဆည်းပူးရမယ်၊ စုဆောင်းကြရမှာပါ။ ဒီအိုင်ကလေးကိုဘဲ ပင်လယ်ကြီး မှတ်နေရင်တော့ ကျွဲအိုင်ထဲက ဖားကလေး မှာ ဘယ်တော့ မှ ရုန်းထွက်ဖို့ မကြိုးစားတော့ သလို – မိမိတို့မှာလဲ ကမ္ဘာ့ အဆင့်မှီဖို့မှာ ဝေးနေအုံးမှာပါ။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *