Din Tai Fung လို့ ခေါ်တဲ့ အဲဒီ တရုတ်စားသောက်ဆိုင်ဟာ အခုစာရေးတဲ့ အချိန်အထိ နယူးဆောက်ဝေးလ် ပြည်နယ်မှာ ဆိုင်ခွဲ ၄ ခုနဲ့ ဗစ်တိုးရီးယား ပြည်နယ် မဲလယ်ဘုန်းမြို့မှာ ဆိုင်ခွဲ ၁ ခု ရှိပါတယ်။
သြစတေးလျအပြင် ထိုင်ဝမ်၊ ဂျပန်၊ အမေရိကား၊ စင်္ကာပူ၊ တရုတ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ ယူအေအီး နဲ့ ဖိလစ်ပိုင်နိုင်ငံ တို့မှာလဲ ဆိုင်ခွဲတွေ ရှိပါတယ်။
သူတို့ဆိုင်ရဲ့ နာမယ်ကြီး အစားအသောက်ကတော့ Dumplings လို့ခေါ်တဲ့ ဖက်ထုတ်ပေါက်ဆီ ဖြစ်ပါတယ်။

သူတို့ဟာ ကမ္ဘာပေါ်မှာ အရသာ အရှိဆုံး ဝက်သား ဖက်ထုတ် ပေါက်ဆီ ရောင်းတဲ့ဆိုင်လို့လဲ ကြော်ငြာသလို တကယ်လဲ အင်မတန်မှ အရသာ ရှိပါတယ်။ ဂျုံက စပြီး နောက်ဆုံး ဖက်ထုတ် ပေါက်ဆီ ဖြစ်တဲ့အထိ အစအဆုံးကို သူတို့ ဆိုင်မှာဘဲ လုပ်တာပါ။
အဲဒီကို သွားစားကြည့်တဲ့ အခါမှာ ဒီဖက်ထုတ် ပေါက်ဆီ တစ်မျိုးထဲ မဟုတ်ဘဲ ဟင်းလျာ အကုန်လုံး လိုလိုဟာ လျှာလည်အောင် တော်တော် အရသာ ရှိပါတယ်။
မိမိ အင်မတန် ကြိုက်တဲ့ အဲဒီဆိုင်က ဟင်းလျာ တစ်မျိုးကတော့ ရှန်ဟိုင်း ကြက်အရက်မူး ဖြစ်ပါတယ်။

ကြက်သားကို ဘရမ်ဒီ အရက် အကောင်းစားနဲ့ စိမ်ထားတာ ဖြစ်ပြီး သူ့ချဥ်းသက်သက် အအေး စားရတာပါ။ ကြက်သားက နူးညံ့နေပြီး လျှာပေါ်မှာပင် ပျော်စိမ့်သွားတာက အရသာပါ။
နောက်တမျိုး ကြိုက်တာကတော့ ငရုတ်သီး ကြက်သား ကျွတ်ကြော် ဖြစ်ပါတယ်။

သူ့ကိုတော့ ထမင်းဖြူ ပူပူနဲ့ စားလို့ သိပ်ကောင်းပါတယ်။ တရုတ်တွေ စားသလို ပန်းကန်လုံးလေးထဲမှာ ထမင်းပူပူ ထည့်ပြီး ကြက်သားကို တူနဲ့ ယူစားရတာ အင်မတန်မှ မြိန်ပါတယ်။
ဟင်းလျှာများတင် မကပါဖူး၊ အချိုပွဲကလဲ အထူး စပါယ်ရှယ် လိုက်ဖက်အောင် ကောင်းပါပေတယ်။

မိမိကြိုက်တာကတော့ တာအို အသီးကို မုန့်ကြွတ်နဲ့ကြော်ထားတာကို ရေခဲမုန့်နဲ့ တွဲစားရတာပါဘဲ။
စစ်ဒနီကို ရောက်ရင် ဖြစ်ဖြစ် အခြား သူတို့ဆိုင် ဖွင့်ထားတဲ့ နေရာ တစ်ခုခုကို ရောက်ရင် ဖြစ်ဖြစ် ဝင်မြည်းကြည့်စေချင်ပါတယ်။
Thai ကအဲဒီဆိုင်မှာ စားဖူးပါတယ်၊ စျေးကြီးလို့ မကြိုက်ပါ