စာတတ်သူနဲ့ ပညာတတ်သူ

ရန်ကုန်မြို့ အစိုးရကျောင်းမှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာလဲ ကျောင်းစာတွေကို အာဂုံဆောင် ကျက်မှတ်နေရတဲ့ အခါ၊ ပုဂံမြို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဘုရားသမိုင်း ရှင်းပြနေတဲ့ ၁၀နှစ်သား ဘုန်းကြီးကျောင်းသားလေးများ နဲ့ သိပ်မကွာခြားလှပါဖူး။

feature_image

ဆိုရှယ်လစ်ခေတ် ပညာရေး စံနစ်အောက်မှာ ကျောင်းစာ သင်လာခဲ့ရတဲ့ မိမိတို့မှာ ကျောင်းစာများကို လေ့လာတဲ့ အခါ အများအားဖြင့် ‘၏၊သည်’ မရွေး ကျက်မှတ်ကြရပြီး၊ ဒီလို မေးလာရင် ဒီလိုဖြေ ဆိုပြီး တစ်ပွဲတိုး အသေမှတ်ကြရပါတယ်။

အဲဒီ အကျိုးဆက်ကတော့ တတန်းပြီး တတန်းသာ အောင်လို့လာခဲ့တယ်၊ နောက်တတန်း တက်တဲ့ အခါ ပြီးခဲ့တဲ့ အတန်းက စာတွေကို မမှတ်မိတော့ပါဖူး။ ဒီ့ထက် ဆိုးတာက ဘာစာက ဘယ်လို ဘာကို ဆိုလိုသလဲ ဆိုတာကို ကောင်းကောင်း နားမလည်တာပါဘဲ။ ဒါပေမဲ့လဲ စာမေးပွဲတော့ အောင်တာပါဘဲ။

မှတ်မိပါသေးတယ်…၊ တစ်ခါက ပုဂံမြို့ကို မိမိနဲ့ အတူ ပြင်သစ်နိုင်ငံသူ တစ်ယောက်ရယ်၊ အမေရိကန် နိုင်ငံသား တစ်ယောက်ရယ်နဲ့ သွားလည်ပတ်ခဲ့တဲ့ အခါက ဖြစ်ပါတယ်။ အာနန္ဒာ ဘုရားကို ရောက်တဲ့ အခါ ဘုရား သမိုင်းကို ၁၀ နှစ်သား ပုဂံမြို့က ဘုန်းကြီးကျောင်းသားလေး တစ်ယောက် အနားရောက်လာပြီး ပြင်သစ်ဘာသာနဲ့ ဒိုးဒိုး ဒေါက်ဒေါက် ရှင်းပြတဲ့အခါ မိမိနဲ့ လိုက်ပါလာတဲ့ ပြင်သစ်နိုင်ငံသူမှာ အကြီးအကျယ်အံ့အားသင့်သွား ခဲ့ပါတယ်။ သူကဘဲ တစ်ခါ အမေရိကန် နိုင်ငံသားကိုလဲ အင်္ဂလိပ်လို မွှတ်နေအောင် တစ်လုံးမှ မမှားဘဲ ရှင်းပြတဲ့အခါ၊ နိုင်ငံခြားသားတွေဟာ ဘုရားသမိုင်းထက် အဲဒီကောင်ကလေးကို အင်မတန်မှ စိတ်ဝင်စားသွားကြပါတယ်။ ဒါနဲ့ အဲဒီကောင်ကလေးကို ပြင်သစ်သူက ပြင်သစ်လို – “မင်းနာမယ် ဘယ်လိုခေါ်လဲ? ဘယ်မှာနေလဲ?” လို့ မေးတဲ့ အခါမှာတော့ ကောင်ကလေးက အူကြောင်ကြောင်လေး ပြန်ကြည့်နေပါတော့တယ်။ ဒီအခါ အမေရိကန်သားက အင်္ဂလိပ်လို မေးတဲ့အခါလဲ ပြန်မဖြေဘဲ ပြုံးပြီးသာကြည့်နေလို့ – မိမိက မြန်မာလို ဝင်ပြီး “မင်းနာမယ် မေးနေတာလေ…” လို့ ပြောတော့မှ၊ သူက – သူ့နာမယ်ကို ပြောပြပါတယ်။

တကယ်တော့ အဲဒီကောင်ကလေးဟာ ပြင်သစ်စကား၊ အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်တာ မဟုတ်ပါဖူး။ ဘုရားသမိုင်းကိုလဲ ကောင်းကောင်း သိတာ မဟုတ်ပါဖူး။ ဘုရားသမိုင်းကို ပြင်သစ်လို နဲ့ အင်္ဂလိပ်လို ရှင်းပြထားတဲ့ အသံထွက် တိတ်ခွေနဲ့ အာဂုံဆောင် ကျက်မှတ်ထားတာသာ ဖြစ်ပါတယ်။

အဲသည်လိုဘဲ ရန်ကုန်မြို့ အစိုးရကျောင်းမှာ ၁၀ တန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဟာလဲ ကျောင်းစာတွေကို အာဂုံဆောင် ကျက်မှတ်နေရတဲ့ အခါ၊ ပုဂံမြို့က နိုင်ငံခြားသား ဧည့်သည်တွေကို ဘုရားသမိုင်း ရှင်းပြနေတဲ့ ၁၀နှစ်သား ဘုန်းကြီးကျောင်းသားလေးများ နဲ့ သိပ်မကွာခြားလှပါဖူး။

ဘာဘဲ ဖြစ်ဖြစ် အတန်းကျောင်း တက်လာခဲ့သူတွေမှာ စာရေးတတ် ဖတ်တတ်တော့ ရှိကြပါတယ်။ ဒါပေမဲ့ အာဂုံဆောင်တဲ့ အလေ့အကျင့်နဲ့ စာဖတ်ကြတဲ့ အခါမှာတော့ စာရေးထားတဲ့ အကြောင်းအရာကို ကောင်းကောင်း နားလည် သဘောမပေါက်ဘဲ ကိုယ့်အထင် ကိုယ့်အမြင်နဲ့သာ ရောထွေးလိုက်တတ်ကြပါတော့တယ်။

မိမိဟာ အခု ဘလော့ဂ်မှာ စာရေးတဲ့ အခါ အဲသည်လို စာဖတ်သူအချို့ တော်တော်များများကို တွေ့ရပါတယ်။ ဥပမာ – ထူးချွန်ဆုလား? ပရိသတ်ကြိုက်ဆုလား? ဆိုတဲ့ အကြောင်းအရာ ရေးခဲ့တဲ့ အခါကဆိုရင် စာဖတ်သူ အချို့မှာ မိမိကို အကယ်ဒမီ ဆုရွေးချယ်ပေးတဲ့သူများဖက်က ကာကွယ်ရေးပေးနေတယ်လို့ သဘောပေါက်ကြပါတယ်။ တကယ်တန်းမှာ အဲဒီ ဆောင်းပါးထဲမှာပင် ” ရုပ်ရှင်ကို အကဲဖြတ် လေ့လာတတ်တဲ့ ပညာရှင်တွေနဲ့ ရုပ်ရှင်ပညာကို တန်ဖိုးမဖြတ်ဘဲ ကြည့်ကောင်းတိုင်းသာ ရွေးချယ် ဆုပေးမယ် ဆိုရင် …” ဆိုပြီး ရှင်းရှင်းလင်း ရေးထားတာ ဖြစ်ပါတယ်။

နောက်တစ်ခု ထပ်ပြရရင် – မြန်မာစကား ပြောတတ်သေးရဲ့လား? ဆိုတဲ့ အကြောင်းရေးတုန်းကလဲ ကိုယ့်မိခင် စာပေ စကားကို ဒီခေတ်ကမ္ဘာမှာ လူတိုင်း တန်ဖိုးထားကြပေမဲ့ မြန်မာနိုင်ငံမှာတော့ မြန်မာစကားကို မြတ်နိုးမှု တန်ဖိုးထားမှု မရှိကြတဲ့ အကြောင်းကို ထောက်ပြထားပေမဲ့ စာဖတ်သူအချို့ကတော့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး တစ်လွဲနားလည်နေကြတာ တွေ့ရပါတယ်။

ဒါတွေကို လေ့လာကြည့်ရင် ဒီလို စာဖတ်သူတွေဟာ သူတို့ရဲ့ အသိမှာ လွှမ်းမိုးဝင်နေတဲ့ အကြောင်းအရာကို မူသေဆွဲကိုင်ထားပြီး စာတပိုဒ်ကိုပင် ကောင်းကောင်း နားလည်အောင် သေသေချာချာ ဖတ်တတ်တဲ့ အလေ့အကျင့်မရှိတာကို လေ့လာမိပါတယ်။ သူတို့ဟာ စာကို ကောင်းကောင်း နားလည်အောင် မဖတ်ပေမဲ့ ဒီစာနဲ့ပတ်သက်လို့ ဝေဖန်မှတ်ချက် ပြုနိုင်လောက်အောင်ပင် သဘောပေါက်ပြီ ထင်ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ သတင်းစာ ဆရာကြီး ကြေးမုံဦးသောင်းရေးတဲ့ စာတပိုဒ်မှာ ရေးထားတာကို သတိရမိပါတယ်။

ရန်ကုန်တက္ကသိုလ် ရောက်သောအခါ လောင်းကစားမှ အားကစား အထိ ထူးချွန် အဆင့်ရှိသူ ဗိုလ်နေဝင်းသည် စာပေဖက်တွင်မူ အနုပညာနှင့် ဝေးကွာလှမ်းသူ ဖြစ်၏။ “ဗိုလ်ချုပ်ကြီးက ဘယ်စာအုပ်ကိုမှ အစအဆုံး ဖတ်လေ့မရှိပါ၊ အစ နဲနဲ အလယ်နဲနဲ၊ အဆုံးနဲနဲ သာဖတ်ပြီး အဲဒီ စာအုပ်အကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တယ်” ဟု စစ်ဗိုလ်ကြီး တစ်ဦးကမှတ်မိ၏။ စာအုပ် စာပေ စကားပြောနိုင်သော်လည်း သူသည် မြန်မာစာပေရော အင်္ဂလိပ်စာပေတို့ကိုပါ စိတ်ဝင်စားမှုမရှိ။

ဗိုလ်နေဝင်းဇာတ်လမ်းရှုတ်သမျှ (ကြေးမုံဦးသောင်း)

ကမ္ဘာ့အဆင့်မှီ စာသင်ကျောင်းတွေ တက္ကသိုလ်တွေမှာတော့ ဒီလို မဟုတ်ပါဖူး။ စာတအုပ်ကို ဖတ်ပြီး ရေးထားတဲ့ အကြောင်းအရာတွေကို ကောင်းကောင်း နားမလည် သဘောမပေါက်ရင်တော့ စာမေးပွဲ ဘယ်လိုမှ ဖြေနိုင်မှာ မဟုတ်ပါဖူး။ ဘာလို့လဲ ဆိုတော့ သင်ရိုး စာအုပ်မှာ ပါတဲ့ အကြောင်းအရာကို သေချာနားလည်မှ စာမေးပွဲမှာ မေးတဲ့ ဝေဖန်ထောက်ပြဖို့၊ အချက်ကျကျ ငြင်းဆိုပြဖို့ တို့ကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ စာတတ်တိုင်းတော့ ပညာတတ်မဟုတ်ပါဖူး။ စာတတ်ပြီး စာကို ကျေညက် နားလည်အောင် ဖတ်နိုင်ပြီး၊ စာမှာပါတဲ့ အကြောင်းအရာ အချက်အလက်တွေကိုလဲ ကောင်းကောင်း သဘောပေါက်ပြီး၊ လေ့လာ ဆန်းစစ် တတ်မှသာ ပညာတတ် ဖြစ်တော့မှာပါ။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

One thought on “စာတတ်သူနဲ့ ပညာတတ်သူ”

  1. ဒီလိုလူစားမျိုးတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးပါ။

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *