ဓါးပြ၊ သူခိုး၊ လူလိမ်များရဲ့ ရွာ

အရက်ဝိုင်းက အမြည်းလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်ပြီး အေးအေးလူလူ ပုတီးစိတ်နေတဲ့ ဖိုးသူတော်ကို ဓါးပြဗိုလ်များက ချစ်ခင်ကြပါတယ်။

3.6
(40)

စာရေးသူ အရွယ်ရောက်လို့ သိတတ်စ အချိန်မှာတော့ – ကိုယ်နေထိုင်တဲ့ တိုင်းပြည်ဟာ ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် ဦးနေဝင်း အုပ်ချုပ်နေပြီး၊ သူ့ရဲ့ အကြောင်းကို ကျောင်းစာတွေမှာ သင်ရတာနဲ့၊ အပြင်မှာ လူကြီးတွေ ပြောတာကို ကြားရတာတွေအရ၊ ကြောက်စရာ ရွံစရာ ကောင်းတဲ့ လူတစ်ယောက်လို မြင်ခဲ့ပါတယ်။ တဖြည်းဖြည်း အလယ်တန်းကနေ အထက်တန်း ကျောင်းသား အရွယ်ကို ရောက်လာတဲ့ အခါမှာတော့ အစိုးရဆိုတာ မုန်းတီးစရာကောင်းတဲ့ လူဆိုးတွေ ဖြစ်တယ်လို့ အသိရှိလာခဲ့ပါတယ်။

သမိုင်းဆိုတာ ဘယ်လိုဘဲ ပြင်ရေးရေး၊ အဖြစ်မှန်ကိုတော့ ဖုံးဖိထားဖို့ မလွယ်ပါဖူး။ တိုင်းပြည် ချောက်ထဲ ကျတော့မဲ့ လက်တကမ်း အလိုမှာ တိုင်းပြည်ကို ကယ်တင်ခဲ့ပါတယ်၊ မြန်မာလူမျိုး တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် အရင်းရှင် စံနစ်ကို တွန်းလှန်ခဲ့ပါတယ် ဆိုပြီး ဘယ်လို စကားလုံး လှလှတွေနဲ့ ပြောပြော ထိုအခါက စာရေးသူလို အထက်တန်းကျောင်းသားလောက် အဆင့်မှာပင်၊ ဦးနေဝင်း စစ်တပ်အစိုးရဟာ တတိုင်းတပြည်လုံးကို ဓါးပြတိုက် သိမ်းခဲ့တယ် ဆိုတာ စဥ်းစားတတ်နေပြီ ဖြစ်ပါတယ်။

ဓါးပြများနှင့် ဖိုးသူတော်

စာရေးသူရဲ့ ဖခင်ကို သူ့ရဲ့ သရုပ်ပုံစံအရ ခိုင်းနှိုင်းပြရမယ် ဆိုရင် – ‘ဖိုးသူတော်’ လို လူမျိုးဆိုရင် လွဲမယ် မထင်ပါဖူး။ သူဟာ တက္ကသိုလ်မှာ ကျောင်းဆရာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီ အချိန်က နိုင်ငံတော် သမ္မတ ဦးစန်းယုရဲ့ သမီးကလဲ တက္ကသိုလ်က ဆရာမ တစ်ယောက်ဖြစ်ပြီး၊ စာရေးသူရဲ့ ဖခင်နဲ့ ရင်းနှီးခဲ့ပါတယ်။ ဦးစန်းယုဟာ သူ့အာဏာ မြဲဖို့အတွက် သူနဲ့ ရင်းနှီးတဲ့ သူ့လူတွေကို ဆိုရှယ်လစ်ပါတီမှာ နေရာပေးနေတဲ့ အချိန် စာရေးသူရဲ့ ဖခင်ဟာလဲ စာရေးသူ အလယ်တန်းကျောင်းသား ဘဝ၊ ဦးစန်းယု သမီးရဲ့ အဆက်နဲ့ ပါတီဌာနချုပ်မှာ ဌာနခွဲမှူး ရာထူးနဲ့ အလုပ်ရခဲ့ပါတယ်။

ပါတီဌာနချုပ် ဆိုတာက ဥက္ကဌကြီး ဦးနေဝင်းရဲ့ ပင်မ ရုံးလုပ်ငန်း နေရာကြီးပေါ့။ စစ်ဗိုလ်လူထွက်တွေနဲ့ လူယောင်ပြနေတဲ့ ဓါးပြဗိုလ်များရဲ့ ရုံး ဆိုရင် မှားမယ် မထင်ပါဖူး။

ဖိုးသူတော်ဟာ ဓါးပြဗိုလ်များရဲ့ ရုံးမှာ နေရာရတဲ့ အခါမှာတော့ ကို့ယို့ကားရား ဖြစ်ရပါတော့တယ်။ ဓါးပြဗိုလ်များဟာ ညနေခင်းမှာ ‌‌ဂေါက်ကွင်းသွား၊ အပြန် ဝီစကီ တမြမြနဲ့ မူးမူး ရူးရူး နေတဲ့ အချိန်မှာ၊ ‌ဖိုးသူတော်မှာ တလုံးတလုံးကို ‌ဂေါ်လီသီးလောက် ရှိတဲ့ တစ်ရာ့ရှစ်လုံး စိတ်ပုတီးကြီးကို တဂျောက်ဂျောက်နဲ့ ခေါက်တုန့် ခေါက်ပြန် လှမ်းလျှောက် စိတ်ပြနေတဲ့ အခါ၊ ဓါးပြဗိုလ်များ အနေအထိုင် ကြပ်စေပါတော့တယ်။

သို့သော် တစ်ယောက်နဲ့ တစ်ယောက် ချောင်းမြှောင်းနေပြီး၊ စားကွက်လု၊ ဦးသူ နိုင်သူ ပိုင်သူက ဖြုတ်ပစ်၊ ထုတ်ပစ်၊ သတ်ပစ်နဲ့ ကျီးလန့်စာစားသလို စားသောက်နေကြရတဲ့ ဒီ ဓါးပြဗိုလ်များ အသိုင်းအဝိုင်းမှာ – အရက်ဝိုင်းက အမြည်းလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်ပြီး အေးအေးလူလူ ပုတီးစိတ်နေတဲ့ ဖိုးသူတော်ကို ဓါးပြဗိုလ်များက ချစ်ခင်ကြပါတယ်။

ဖိုးသူတော်များဟာ ဘုန်းတော်ကြီးကျောင်းများမှာ ဆွမ်းကျန် ဟင်းကျန်လေးလောက်နဲ့ ဘုန်းတော်ကြီးများကို အလုပ်အကျွေးပြု ကုသိုလ်ယူကြသလို၊ စာရေးသူရဲ့ ဖခင်မှာလဲ စစ်ဗိုလ်များရဲ့ အရက်ဝိုင်းက အမြည်းလောက်နဲ့ဘဲ သူတို့ကို အလုပ်အကျွေးပြုနေခဲ့ပါတော့တယ်။

အဲဒီ အချိန်က စာရေးသူရဲ့ ဖခင်ဟာ ရုံးသွားရင် ‘ကားစုတ်’ လို့ လူတွေခေါ်ကြတဲ့ ကိုယ်ပိုင် မာစတာ လေးဘီးကားလေးနဲ့ မောင်းသွားရပြီး၊ မကြာခဏ ကားပျက်တတ်တာကြောင့် ဘတ်စ်ကားနဲ့လဲ ရုံးတတ်ရပါတယ်။ ဓါးပြဗိုလ်များကတော့ – နောက်ဆုံးပေါ် ဂျပန်ကား နိုင်းတူးနိုင်း၊ သရီးတူးသရီးတွေနဲ့ တဝီးဝီး တရွှီးရွှီး နဲ့ ရုံးတက်နေကြတဲ့ အခါ၊ စာရေးသူရဲ့ ဖခင်ကို ချစ်ခင်သဖြင့် ရုံးသွားရင် သူတို့နဲ့ အတူလိုက်ပါဖို့ ဝင်ခေါ်၊ ရုံးပြန်ရင် ပြန်ပို့ပေးကြပါတယ်။

“ဒီမယ်ကိုယ့်လူ – ခင်ဗျား ပစ္စည်း တစ်ခုခု လိုချင်တယ် ဆိုရင် ဆွဲသာ ယူလိုက်၊ ဘာမှ စဥ်းစားမနေနဲ့၊ ပိုက်ဆံ ရှိတဲ့သူက သူ့ဟာသူ ပြန်ဝယ်လိမ့်မယ်” လို့ ဆိုတဲ့ ဓါးပြ နည်းနာနိဿယတွေကို စစ်ဗိုလ်ချုပ်များက စာရေးသူရဲ့ ဖခင်ကို ရင်းရင်းနှီးနှီး သွန်သင်လာပါတော့တယ်။ သူတို့ ကိုယ်တိုင်လဲ ဒီလို လုပ်နေကြတဲ့ အခါမှာ စာရေးသူရဲ့ ဖခင်လဲ အစမြင်ပြီး အတတ်သင်ဖြစ်ခဲ့ပါတယ်။

သို့သော် ဖိုးသူတော်လို ဖခင်မှာတော့ – သူ့ထက် ဆင်းရဲတဲ့ သူတွေ၊ မရှိ ချို့တဲ့ သူတွေ၊ အချို့ကလဲ ဟန်ဆောင် ဒုက္ခ ရောက်ပြသူတွေနဲ့ တွေ့ရင် သနားတတ်တဲ့ စိတ်ရှိနေတော့တဲ့ အခါ၊ နိုင်တဲ့ သူဆီက ပစ္စည်းကို ဆွဲယူပြီး၊ သူ သနားတဲ့ သူကို ပေးကမ်းတာမျိုး ဖြစ်လာပြီး၊ ‘စွန့်ကြဲပေးကမ်း’တာ ရှိသလို ‘လုယက် ပေးကမ်း’ တာတွေလဲ လုပ်တတ်လာပါတော့တယ်။

အများသိထားကြတဲ့ အတိုင်း ၃ ယောက်ပေါင်းလို့ (၁၀) တန်းတောင် မအောင်တဲ့ စစ်ဗိုလ် ဓါးပြတွေ ရုံးမှာ နေ့စဥ်နဲ့ အမျှ အလုပ်လုပ်နေရတဲ့ အခါ ကိုယ်တိုင် တက္ကသိုလ် ကျောင်းဆရာ ဖြစ်ခဲ့ပေမဲ့လဲ၊ စာမတတ်တဲ့ သူတွေကို ဆရာခေါ် အလုပ်ကျွေးပြုနေရတဲ့ အတွက် နောင်မှာတော့ ဦး‌ဏှောက်ကို အသုံးပြုရဖို့တောင် မေ့လာပါတော့တယ်။

လူတစ်ယောက်ဟာ မိမိရဲ့ ဥာဏ်ပညာနဲ့ ဆင်ခြင်ပြီး ပြောဆို နေထိုင် လုပ်ကိုင် ရတယ်ဆိုတဲ့ သဘောက ကင်းကွာပြီး – “ပြောစရာရှိရင် ဘာမှ စဥ်းစားမနေနဲ့ ပါးစပ်ထဲ ရှိရာသာ ပြောလိုက်” ဆိုတဲ့ အသိဝင်လာပါတော့တယ်။

တကယ်တန်းမှာ ဓါးပြ တစ်ယောက်ဖြစ်ဖို့ ဆိုတာ လွယ်တာမဟုတ်ပါဖူး၊ အဲဒီ အချိန်က ဦးနေဝင်း ပြောတယ်ဆိုတဲ့ စကား တခွန်းရှိပါတယ် – “သတ္တိရှိရင် ကိုယ့်နယ်မှာ ကိုယ် ဓါးပြတိုက်စား၊ ငါ့နေရာတော့ လာလုဖို့ မကြိုးစားနဲ့” လို့ ဆိုပါတယ်။ ဒါပေမဲ့ သတ္တိရှိတိုင်း တကယ် ဓါးပြဖြစ်ဖို့ လွယ်တာမဟုတ်ပါဖူး။

စာရေးသူဟာ – ထိုအချိန်က ဝန်ကြီး၊ နိုင်ငံတော် ကောင်စီဝင်၊ ဗိုလ်ချုပ်ကြီး အချို့တို့ရဲ့ သားသမီးများနဲ့ သူငယ်ချင်း အပေါင်းအသင်း ဖြစ်ဖူးပါတယ်။ ဒါ့ကြောင့် သူတို့နဲ့ သွားလာ စားသောက်၊ သူတို့အိမ်ကို လည်ပတ်ဖူးတဲ့ အခါ သူတို့ အဖေတွေနဲ့လဲ ရံဖန်ရံခါ တွေ့ဖူး ဆုံဖူးပါတယ်။ ဒါ့ကြောင့် သူတို့ ဇရိုက်ပုံစံကို ခန့်မှန်းကြည့်လို့ ရသလောက် ပြောရရင် – တော်တော်တန်တန် အရည်အချင်းမဟုတ်တာကို လေ့လာမိပါတယ်၊ သူတို့ဟာ အင်မတန် ကိုယ်ကျင့်တရား ညံ့ဖျင်း၊ ယုတ်မာ ယုတ်ညံ့တဲ့ စိတ်နဲ့ ပညာဥာဏ်လဲ အင်မတန်နဲပြီး၊ စက်ဆုပ်ရွံစရာ ကောင်းလောက်အောင် ကြမ်းတမ်းတဲ့ လူ့အောက်တန်းစားတွေလို့ ပြောရင်တောင် သူတို့ အတွက် ဂုဏ်နဲနဲ တက်နေပါလိမ့်အုံးမယ်။ တကယ်တန်းမှာ တောရိုင်း တိရိစ္ဆာန်များနဲ့ သိပ်မကွာလှပါ။

ဓါးပြဗိုလ်တွေနဲ့ အနီးကပ် ပူးတွဲ လုပ်ကိုင်နေရပြီး၊ ဓါးပြတွေရဲ့ အလေ့အကျင့် ပုံစံတွေ ကူးဆက်ခဲ့တယ် ဆိုပေမဲ့၊ သူတို့လို အခြေခံ ကိုယ်ကျင့်တရား မညံ့ဖျင်းဘဲ၊ စိတ်ယုတ် စိတ်မာ မထားတတ်တဲ့ ဖိုးသူတော်လို သူအတွက်မှာတော့ – သူယုတ်မာလဲ မဖြစ်၊ သူတော်ကောင်း တရားလဲ မရဘဲနဲ့သာ သက်ဆိုးမရှည် ဖြစ်ရှာရပါတော့တယ်။

စာရေးသူ အသက် ၂၂ နှစ် အရွယ်မှာတော့ စာရေးသူရဲ့ ဖခင်ဟာ အိပ်နေရင်း ဦးဏှောက်သွေးကျောပြတ်လို့ ကွယ်လွန်ခဲ့ပါတယ်။ ဖခင် ဆုံးပါးသွားပြီးနောက်မှာ မိသားစုထဲတွင် တစ်ဦးထဲသော အကြီးဆုံး ယောကျ်ားလေး တစ်ယောက်ဖြစ်တဲ့ အတွက်၊ မိသားစုကို အလုပ်အကျွေးပြုဖို့ တာဝန် ရှိတယ် ဆိုတယ်ပြီး စာရေးသူကို အဖွားက မိသားစု တာဝန်ပေးအပ်လာခဲ့ပါတယ်။ အဲဒီအခါ စာရေးသူဟာ သူခိုးများနဲ့ အလုပ်လုပ်ရခြင်း အကြောင်းကို အပိုင်း(၂) မှာ ဆက်လက် ဖတ်ရှုအားပေးပါ။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

ကြယ်ပွင့်ပေါ်ကိုနှိပ်၍ အကဲဖြတ်ပါ

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

(အင်္ဂလိပ်စာ သို့မဟုတ် မြန်မာယူနီကုဒ်ဖြင့်သာ ရေးသွင်းပါရန်)

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *