Feature Image

သူတော်စင်နှင့် သားရဲတိရိစ္ဆာန်

0
(0)

“Life Of Pi” ဆိုတဲ့ ရုပ်ရှင် ကို ကြည့်ဖူးသူတွေ ရှိကြမှာပါ၊ အဲဒီ ရုပ်ရှင် ဇာတ်လမ်းမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အပိုင်းလေး တစ်ခုကို အရင်ပြောပြချင်ပါတယ်။ (ရုပ်ရှင်မကြည့်ရသေးသူများ အတွက်လဲ ဒီဆောင်းပါးကို ဖတ်ပြီး ရုပ်ရှင်ကြည့်မယ် ဆိုရင် ရုပ်ရှင်အရသာ မပျက်နိုင်ပါ)

Pi ဆိုတဲ့ ကောင်ကလေးဟာ လှောင်အိမ်ထဲက ကျားကြီးတကောင်ကို ကြင်ကြင်နာနာနဲ့ လှောင်အိမ် အနားကို ကပ်ပြီး အစာကျွေးဖို့ ကြိုးစားတဲ့ အခါ၊ ကျားကြီးက ရန်ပြု တိုက်ခိုက်ဖို့ လုပ်လာတာကို ကောင်ကလေးရဲ့ ဖခင်ဖြစ်သူက တွေ့သွားပါတယ်။ ဒီအခါ တိရိစ္ဆာန်တွေကို မွေးမြူပြီး တိရိစ္ဆာန်ရုံ လုပ်ငန်းကို လုပ်ကိုင်စားသောက်နေတဲ့ ကောင်လေး Pi ရဲ့ ဖခင်ဟာ သူ့သားကို တိရိစ္ဆာန်တွေရဲ့ သဘော သဘာဝ အကြောင်း ကောင်းကောင်း နားလည်စေချင်တဲ့ သဘောနဲ့ ကျားလှောင်အိမ်ရှေ့မှာ ဆိတ်တကောင်ကို ချဥ်နှောင်ပြီး ပြသပါတယ်။ ကျားဟာ ရက်ရက်စက်စက်ဘဲ ဆိတ်ကို ကိုက်ဖြတ်သတ်လိုက်တာကို Pi ဟာ အထိတ်တလန့်နဲ့ မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။

ဒီအခါမှာ ဖခင်ဖြစ်သူဟာ သူ့ရဲ့သားကို ပြောပြပါတယ်- သားရဲ တိရိစ္ဆာန်ဆိုတာ လူတွေလို အသိစိတ်မျိုး မရှိတဲ့ ရိုင်းစိုင်းတဲ့ တိရိစ္ဆာန်မျိုး ဖြစ်တဲ့အတွက် သူတို့ကို ဘယ်တော့မှ ယုံကြည်လို့ မရတဲ့ အကြောင်းနဲ့၊ သူတို့ဟာ ဘယ်တော့မှလဲ ယဥ်ကျေးတဲ့ သတ္တဝါ ဖြစ်မှာ မဟုတ်တဲ့ အကြောင်း၊ သူတို့ အပေါ် မေတ္တာ စေတနာနဲ့ ဆက်ဆံလို့ မရနိုင်ကြောင်း၊ သူတို့မှာ သတ်လိုဖြတ်လိုတဲ့ သဘောဘဲ ရှိတဲ့ အကြောင်းကို နားလည်အောင် ရှင်းပြခဲ့ပါတယ်။

တနေ့က – ဖေဖဝါရီ ၁ ရက်၊ ၂၀၂၁ မှာ မြန်မာပြည်ကို စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ အဖမ်းခံလိုက်ရတယ် ကြားရတယ် အခါမှာ – အဲဒီ ရုပ်ရှင်ဇာတ်လမ်းကို ချက်ခြင်း အမှတ်ရလိုက် မိပါတယ်။

ဒီနေ့ မြန်မာ့ စစ်တပ်ဆိုတာက – ကျားထက် ယုတ်ညံ့ ဆိုးသွမ်းတဲ့ ‘ခွေးဝံပုလွေ’ လို တိရိစ္ဆာန်မျိုး ဖြစ်တယ်ဆိုတာ၊ နေဝင်း အစိုးရလက်ထက်ကတည်းက မြန်မာပြည်မှာ ကြီးပြင်းလာကြတဲ့ အသိဥာဏ်မှီကြတဲ့ သူတိုင်း နားလည် သိထားကြပါတယ်။ ဒီ့အရင် အချိန်ကတော့ မြန်မာ့ စစ်တပ်ဟာ ဂုဏ်သရေရှိပြီး သိက္ခာရှိတဲ့ စည်းကမ်းရှိတဲ့ လူထုက ချစ်ခင် အားကိုးတဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ နေဝင်းက ဒီအဖွဲ့ကြီးကို စံနစ်တကျနဲ့ ခွေးဝံပုလွေလို သူရဲဘောကြောင်သူ၊ အသိဥာဏ် အလိမ္မာ မရှိသူ၊ ယုတ်မာ ကောက်ကျစ်တတ်သူများကို နေရာပေးပြီး ပြင်ဆင်မွန်းမံခဲ့တာကြောင့် အခုတော့ အဲဒီလိုလူတွေ အများစု နေရာယူထားတဲ့ ခွေးဝံပုလွေ တပ် ဖြစ်နေရတာပါ။

ဒါ့ကြောင့်မို့လဲ သူတို့ဟာ ယဥ်ကျေးသိမ်မွေ့တဲ့ စကားတွေ မပြောတတ်ကြပါဖူး၊ ဥာဏ်ပညာနဲ့ ယှဥ်ပြီးလဲ မလုပ်ကိုင်တတ်ကြပါဖူး။ ဒီလို အလိမ္မာမရှိတဲ့ အတွက်လဲ ယုတ်မာ ကောက်ကျစ်တဲ့ အသိတရားနဲ့ သူတို့ရဲ့ ဘဝကို တည်ထောင်နေကြရတဲ့ အခါမှာ သူရဲဘောကြောင်တတ်လာပြီး၊ အောက်တန်းစား အကျင့် အောက်တန်းစား အကြံနဲ့၊ အောက်တန်းစား အလုပ်တွေသာ လုပ်ဖြစ်လာကြတဲ့ အတွက် တိရိစ္ဆာန်လို အောက်တန်းစားတွေ ဖြစ်ကုန်ကြတော့တာပါဘဲ။

တကယ်‌တော့ မြန်မာ့ စစ်တပ်ဟာ ဒီတိုင်းပြည်ထဲက ဒီ ပြည်သူလူထုထဲကဘဲ မွေးဖွားလာတဲ့ သားသမီးတွေ ဖြစ်ကြပေမဲ့၊ ဒီ ပြည်သူလူထုကိုဘဲ ဒုက္ခပေး သတ်ဖြတ် ခိုးဆိုး လုယူစားသောက်တယ်ဆိုတော့ မိဘကို ပြန်သတ်တဲ့ သားသမီးနဲ့ မထူးပါဖူး။ ဒီ့ထက်ဆိုးတာက ကိုယ် ယုံကြည် ကိုးကွယ်ပါတဲ့ ဆိုတဲ့ ဘာသာတရားကိုတောင် ပျက်ဆီး ညစ်နွမ်းစေတာဟာ တော်တော် တန်တန် ဥာဏ်နဲ မိုက်မဲ ယုတ်ညံ့တဲ့ သူတွေတော့ မဟုတ်လောက်ပါဖူး။ အချို့ကတော့လဲ – အသိဥာဏ်လေး နဲနဲ ရှိပေမဲ့ – အဘ ဆိုသူတွေက ကိုယ့်သားသမီးကို ကိုယ် မုဒိန်းကျင့်နေကြတဲ့ လူမျိုးတွေ ဖြစ်တာကို သိလို့ ကြောက်ရတာလဲ ရှိချင် ရှိမယ်ထင်ပါတယ်။

အဲဒီလောက် အောက်တန်းကျတဲ့ တိရိစ္ဆာန်မျိုးစိတ် အများစုနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို ဂုဏ်သရေရှိအောင် လုပ်ဆောင်ဖို့ဆိုတာကတော့ အပေါ်မှာ ပြောခဲ့တဲ့ ရုပ်ရှင်ထဲက ကျားထက် ပိုလို့ ကြီးမားတဲ့ အန္တရာယ်များနဲ့ စွန့်စားရမဲ့ လုပ်ငန်းသာ ဖြစ်ပါတော့မယ်။ သို့သော် မဖြစ်နိုင်ဖူးလို့တော့ မဆိုလိုပါ၊ လူတယောက်အနေနဲ့ နည်းမှန် လမ်းမှန် ကြိုးစားအားထုတ်မယ် ဆိုရင်တော့ ဘယ်လိုမှ မယဥ်ကျေးနိုင်တဲ့ တိရိစ္ဆာန်ကိုပင် အထိုက်အလျောက်တော့ ယဥ်ပါးအောင် လုပ်နိုင်လိမ့်မယ် ထင်ပါတယ်။

ဘာဘဲဖြစ်ဖြစ် တိရိစ္ဆာန်ဟာ တိရိစ္ဆာန်ဘဲ ဆိုတဲ့ သတိကတော့ ရှိနေသင့်ပါမယ်။ ဆပ်ကပ်ရုံတွေမှာတောင် ယဥ်ပါးအောင် လုပ်ထားပါတယ် ဆိုတဲ့ ကျားတွေ၊ ဆင်တွေ၊ မိချောင်းတွေ တိုက်ခိုက်တာ ခံရတယ်ဆိုပြီး ကြားဖူးနေပါတယ်။

တဖက်မှာ ဒီနေ့ မြန်မာ့ စစ်တပ်ဟာ တချိန်က ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော် မဟုတ်တော့ဖူး ဆိုတာကို သိထားသင့်ပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းက – တိုင်းပြည်နဲ့ လူမျိုးရဲ့ မျက်နှာကို ကြည့်ပြီး ပြတ်ပြတ်သားသား လုပ်ကြ လို့ မှာပေမဲ့၊ ဒီနေ့ စစ်တပ် ခေါင်းဆောင်က စစ်တပ်နဲ့ အလုပ်တွဲလုပ်လို့ ရတဲ့ ပါတီကို မဲပေးခဲ့တယ် ဆိုကတည်းက တချိန်ကလို မြန်မာ့တပ်မတော် မဟုတ်တော့ဘဲနဲ့ အပေါစား ကြေးစား လက်နက်ကိုင် အဖွဲ့ အဆင့် ဖြစ်နေတယ် ဆိုတာကိုလဲ သဘောပေါက် ရမှာပါ။

နေဝင်းခေတ်က စလို့ – စောမောင်၊ သန်းရွှေ၊ အခု မင်းအောင်လှိုင်တို့ကို ဘယ်လိုနည်းနဲ့မှ လူလို ဂုဏ်သရေရှိအောင် မြှင့်တင်လို့ မရနိုင်ဖူး ဆိုတာလဲ နားလယ်ဖို့ လိုပါလိမ့်မယ်။ သူတို့ကို တိရိစ္ဆာန်လိုဘဲ နားဖားကြိုး ထိုးထား၊ ဒါမှမဟုတ် ချွန်းနဲ့ အုပ်ထားနိုင်ပါမှ၊ မဟုတ်ရင် အချိန်မရွေး လူတွေကို ကိုက်ဖြတ် ရန်ပြုနိုင်တယ်ဆိုတာ မမေ့သင့်တဲ့ ကိစ္စပါ။

အခုမှ ဒါတွေ ရေးပြနေလို့ ချဲထွက်ပြီးမှ ချဲနံပါတ် တွက်ပြသလို ဖြစ်ကောင်း ဖြစ်နေပါ့မယ်၊ ဒါပေမဲ့ မိမိတို့ မြန်မာလူမျိုးတွေဟာ ကမ္ဘာမကျေဖူးလို့သာ ခံရတဲ့ အခါ အော်ကြပေမဲ့၊ ကြာလာတဲ့ အခါ မေ့မေ့လျော့လျော့ နဲ့ သည်းခံ ခွင့်လွှတ်တဲ့ စိတ်မျိုးရှိတတ်ကြတာကြောင့် – အခုလို ဒေါ်အောင်ဆန်းစုကြည်ဟာ သားရဲ တိရိစ္ဆာန်ကို သူတော်စင်ကျင့်စဥ်နဲ့ ဆက်ဆံတော့ သူကိုယ်တိုင် ကိုက်ဖြတ် အန္တရာယ်ပြုခံလိုက်ရဆိုတာ မိမိတို့ မမေ့ကြဘဲ၊ ခွေးဝံပုလွေ အန္တရာယ်များကြားမှာ သတိဝိရိယနဲ့ စည်းလုံးနေထိုင်ကြဖို့ အကြံပေး ရေးသားလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

ကြယ်ပွင့်ပေါ်ကိုနှိပ်၍ အကဲဖြတ်ပါ

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

(အင်္ဂလိပ်စာ သို့မဟုတ် မြန်မာယူနီကုဒ်ဖြင့်သာ ရေးသွင်းပါရန်)

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *