သူ့ကား ကိုယ့်ကား တိုက်မိသောအခါ…

မြန်မာပြည်မှာက (အဲဒီအချိန်က) ငွေများ ငွေနိုင်၊ အကောင်ကြီးက အကောင်ငယ်နိုင် ခေတ်ဖြစ်တဲ့အခါ၊ ရဲ တို့ ရုံးတို့ကို အားကိုးချင်စိတ် မရှိကြဘဲ အချင်းချင်း ညှိလို့ရရင် ရ၊ မရရင် ‘ချ’ ရတော့မဲ့ အနေအထား ဖြစ်ပါတယ်။

စာရေးသူရဲ့ အသက် ၁၂ အရွယ်လောက်က အမေ ကားမောင်းတာကို ဘေးမှာ ထိုင်စီးနေရင်း ရန်ကုန်မြို့ ဘားလမ်းမှာ ‘ဝုန်း’ ကနဲ အသံနဲ့ နောက်ကနေ ဆောင့်တွန်းလိုက် သလို ဖြစ်သွားပါတယ်။ နောက်က ကားဟာ အမေ မောင်းတဲ့ ကားကို ဝင်တိုက် လိုက်တာ ဖြစ်ပါတယ်။ အမေလဲ ဒေါနဲ့ မောနဲ့ ကားပေါ်က ဆင်းသွားပြီး နောက်က ဝင်တိုက်တဲ့ ကားမောင်း အမျိုးသားနဲ့ စကားများ နေကြတာ ကားထဲက မြင်နေရပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ ဘယ်လို ကျေအေးသွားလဲ မသိပါ၊ အမေ ကားပေါ်ပြန်တက်လာပြီး ကားဆက်မောင်းလို့ အိမ်ကို ပြန်ကြပါတယ်။ ဒါပေမဲ့ အမေ့မျက်နှာမှာ နီရဲပြီး စိတ်ဆိုးနေတယ် ဆိုတာ သိသာပါတယ်။

စာရေးသူ အသက် ၃၀ လောက်မှာ ကိုယ်တိုင် ကားမောင်းပြီး ရန်ကုန်မြို့ ၃၅လမ်းထဲကို အဝင်မှာ ခလေး တစ်ယောက်က လမ်းကို ပြေးပြီး ဖြတ်ကူးတာ ရုတ်တရက်မို့လို့ သူ့ကို မတိုက်မိအောင် ဘေးကို အနည်းငယ် ရှောင်လိုက်တာမှာ ဘေးမှာ ရပ်ထားတဲ့ ကားတစီးရဲ့ ထိပ်ပိုင်းကို အနည်းငယ် ထိမိသွားပါတယ်။ ဒီအချိန်မှာဘဲ တိုက်ခန်းထဲက လူ ၃၊ ၄ ယောက်လောက် ထွက်လာပြီး မိမိကိုဘဲ ရိုက်တော့ နှက်တော့မလို၊ မိမိရဲ့ ကားရှေ့မှာ လူတစ်ယောက်က ပိတ်ရပ်ပြီး ကျန်သူများက ကားကို ဝိုင်းထားလို့ မိမိကို ကားထဲက ထွက်ခဲ့ဖို့ ပြောပါတယ်။ မိမိမှာ ကိုယ့်အမှား ဖြစ်တာကို သိလို့ သူတို့ကား ထိခိုက်မိလို့ ပျက်စီးတာကို ကျသင့် သလောက် လျှော်ပေးပါမယ်လို့ ပြောပြီး ပြေလည်အောင် ပြောလိုက်တဲ့ အတွက် ခိုက်ရန်မဖြစ်ဘဲ ကိစ္စပြီး သွားခဲ့ပါတယ်။

တခါကတော့ ရန်ကုန်မြို့ တရုတ်တန်းမှာပါ။ မိမိနဲ့ သူငယ်ချင်း အချို့ ကြေးအိုး သွားစားကြတဲ့ အခါ ကားလမ်းပေါ်မှာ တဖက် အုပ်စုနဲ့ နောက်တဖက် ဒုတ်တွေကိုင်ပြီး ရိုက်ကြနှက်ကြ ရန်ဖြစ်နေကြတဲ့ အတွက် အနီးအနားက စားသောက်ဆိုင်တွေလဲ လှန့်ဖြန့်ပြီး ဆိုင်တံခါးတွေ ပိတ်ကြတာမို့ ဘာဖြစ်လဲ စုံစမ်းကြည့်တဲ့ အခါ ကားတိုက်ရာကနေ စ, အချင်းများပြီး ရန်ဖြစ်ကြတာလို့ သိရပါတယ်။

လမ်းပေါ်မှာ သူ့ကား ကိုယ့်ကား တိုက်မိတဲ့ အခါ မှန်တဲ့ လူကို မှားတဲ့ လူက အလျော်ပေးရတာ ထုံးစံ ရှိတာကြောင့် အချင်းချင်း ပြေလည်အောင် ညှိနှိုင်း ရပါတယ်။ မရတဲ့ အခါမှာတော့ ယာဥ်ထိန်းရဲကို ခေါ်ပြီး၊ လိုအပ်ရင် တရားရုံး တက်ဖြေရှင်းရတာမျိုး ဖြစ်ပါတယ်။

သို့သော်လည်း မြန်မာပြည်မှာက (အဲဒီအချိန်က) ငွေများ ငွေနိုင်၊ အကောင်ကြီးက အကောင်ငယ်နိုင် ခေတ်ဖြစ်တဲ့အခါ၊ ရဲ တို့ ရုံးတို့ကို အားကိုးချင်စိတ် မရှိကြဘဲ အချင်းချင်း ညှိလို့ရရင် ရ၊ မရရင် ‘ချ’ ရတော့မဲ့ အနေအထား ဖြစ်ပါတယ်။ စံနစ်က မကောင်းတော့ ခေတ်က မကောင်း၊ ခေတ်က မကောင်းတော့ လူတွေရဲ့ ဇရိုက်ကလဲ ကြမ်းကုန်ကြရတော့တယ် ဖြစ်မှာပါ။

သြစတေးလျမှာတော့ ကားတစ်စီး လမ်းပေါ်ထွက်မောင်းဖို့ ကားလိုင်စင် လုပ်တယ်ဆိုရင် လူတိုက်မိရင် လျော်ဖို့ အတွက် မဖြစ်မနေ အာမခံ တင်ထားရပါတယ်။ ဒီ့ပြင်မှာမှ သူများ ကားကို ကိုယ်က တိုက်မိရင် သူများကို လျော်ဖို့နဲ့ ကိုယ့်ကား ပျက်စီးရင် ကိုယ့်ကားအတွက် ပြင်ဆင်နိုင်ဖို့ ဆိုတာတွေကို သီးခြား အာမခံတွေ ထားဖို့ တိုက်တွန်းသလို၊ အများအားဖြင့်လဲ အဲသည်လို အာမခံတွေ ရှိကြပါတယ်။

အာမခံ လုပ်ငန်းတွေ ဆိုတာကလဲ မှန်မှန်ကန်ကန် ပေးလျော်ပြီး၊ တန်ဖိုး အတိုင်း မပေးလျော်တာမျိုး လုပ်ခဲ့ရင် သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကွဲတဲ့ အာဏာပိုင် အဆင့်ကို တိုင်ကြားလို့ ရတာမို့ စိတ်ချရတဲ့ လုပ်ငန်းတွေလို့ ဆိုနိုင်ပါတယ်။

မကြာသေးခင်က မိမိရဲ့ ကားဟာ မီးပွိုင့် တစ်ခုမှာ ရပ်နေစဥ် နောက်က ကားတစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ မိမိရဲ့ ကားနောက်ကို ဝင်တိုက်ခဲ့ပါတယ်။ ဒီနိုင်ငံမှာတော့ ကားတိုက်ပြီ ဆိုရင် တစ်စုံ တစ်ယောက် ထိခိုက် ဒဏ်ရာ ရတာ ရှိမရှိ အရင် စစ်ဆေးပြီး၊ ရှိရင် အရေးပေါ်ကို ဖုန်းဆက် အကြောင်းကြားရပါတယ်။ မရှိဖူး ဆိုရင်တော့ သူ့ရဲ့ ကားနံပါတ်ကို မှတ်သား၊ သူ့ရဲ့ ယာဥ်မောင်းလိုင်စင် နံပါတ်၊ ယာဥ်မောင်း အမည်၊ လိပ်စာတို့ကို မှတ်သားပြီး၊ အလားတူ ကိုယ်ကလဲ သူ့ကို မှတ်သားဖို့ ပြောရပါတယ်။ နောက် ယာဥ်တိုက်မိတဲ့ အနေအထားကို ဓါတ်ပုံ ရိုက်ယူ၊ ဒါမှမဟုတ်လဲ ယာဥ်တိုက်မိတဲ့ အနေအထားကို ပုံကြမ်းဆွဲပြီး နှစ်ဦးနှစ်ဖက် ဖြစ်ပုံကို မှန်ကန်ပါတယ် ဆိုတာ မှတ်သားထားရုံပါဘဲ။ ပြီးရင်တော့ ကိုယ့်ကားကို ဆက်မောင်းလို့ရရင်လဲ ဆက်မောင်းသွား၊ မရရင်လဲ ကားကို လာဆွဲယူပေးဖို့ အကြောင်းကြားရုံဘဲ ရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက် အချင်းများစရာ စကားများစရာ ရန်ဖြစ်စရာ အကြောင်း ကိစ္စ ဘာမှ မရှိပါဖူး။

ဒါဟာ ဘာလို့လဲ ဆိုရင် စံနစ်ကောင်းတာမို့လို့ ပြောရမှာပါ။ ဒီလို ယာဥ်တိုက်မိပြီး မှတ်သားထားတဲ့ တဖက်ယာဥ် နဲ့ ယာဥ်မောင်းရဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ အာမခံ လုပ်ငန်းကို အကြောင်းကြားလိုက်ရုံပါဘဲ။ ဒါဆိုရင် အာမခံ လုပ်ငန်းကနေ ကိုယ့်ကားကို ဘယ် ဝေါ့ရှော့ (workshop) ယူသွားပြီး ပြင်လိုက်ဖို့ ပြောပါလိမ့်မယ်။ တစ်ခါ ကိုယ့်ကားကို ဝေါ့ရှော့မှာ ပြင်ဖို့ အပ်ထားတဲ့ အချိန်မှာလဲ ကိုယ်စီးဖို့ ကိုယ့်ကားနဲ့ အလားတူ ကားတစ်စီး ပေးထားပါသေးတယ်။

Accident Replacement Vehicle

ယာဥ်တိုက်တဲ့အခါ ကိုယ့်အမှား ဆိုရင်တော့ အာမခံ လုပ်ငန်းကို အရင်ကတည်းက ကြိုတင် သဘောတူ သတ်မှတ်ထားတဲ့ အပိုဆောင်းကြေး သွင်းရပါမယ်။ ကိုယ့်အမှား မဟုတ်ရင်တော့ တစ်ပြား တစ်ချပ်မှ ကုန်ကျစရာမလိုပါဖူး။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာလဲ အာမခံလုပ်ငန်းကဘဲ စိစစ်ပေးပါတယ်။ ဒီအခါ တစ်ယောက်နဲ့ တစ်ယောက် စကားများဖို့ ဘာလိုအုံးမှာလဲ?

အဲဒီလို မိမိရဲ့ ကားကို နောက်ကနေ ဝင်တိုက်ခံရလို့၊ နောက်ကနေ တိုက်လိုက်တဲ့ ယာဥ်မောင်းကို သူ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရတာ ရှိမရှိ မေးပြီး၊ သူဘာမှ မဖြစ်ဖူး ဆိုတဲ့ အခါ မှတ်သားစရာတွေ မှတ်သားလို့ ကိုယ်သွားရမဲ့ ခရီးကို ဆက်ခဲ့ပါတယ်။ မှတ်သားထားတဲ့ အချက်အလက်တွေကိုလဲ ဖုန်းပေါ်မှာဘဲ မှတ်ထားလိုက်သလို၊ ဖုန်းကနေဘဲ တဆင့် အာမခံလုပ်ငန်းကို ပို့ပေးလိုက်ပါတယ်။

ဒီအဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် ကားမောင်းကြတဲ့ ရန်ကုန်က သူငယ်ချင်းတွေ သူတို့ကားတွေရဲ့ နောက်ခန်းမှာ ဒုတ်တွေ ဒါးတွေ ဖွက်ပြီး ဆောင်ထားကြတာ အမှတ်ရမိပါတယ်။ ဒီဟာတွေကို ကားတိုက်ရင် ရန်ဖြစ်တဲ့ အခါ အသုံးချဖို့လို့ သူတို့ပြောကြပါတယ်။ အခုတော့ မြန်မာပြည်မှာလဲ ခေတ်တွေ စံနစ်တွေ ပြောင်းလာပြီ ဆိုတဲ့အခါ အရင်ကလို ကားတိုက်မိတဲ့ အခါ စကားများ ရန်ဖြစ်စရာ မလိုတော့ဖူး ထင်လိုက်မိပါရဲ့။ ဒါပေမဲ့လဲ မိမိကားတိုက်တဲ့ အကြောင်း ရန်ကုန်မှာ နေတဲ့ အမေ့ဆီကို ဖုန်းဆက်ပြောတော့ – သူက “တဖက်လူက လျော်ကြေးအပြည့်ပေးရဲ့လား?” လို့ ပြန်မေးတဲ့ အခါ မိမိလဲ ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့သာ ရိုက်မိလိုက်ပါတော့တယ်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *