အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၂)

သင်္ဘောပေါ်ကိုပင် တခါမှ မတက်ဖူးတဲ့ သူတွေကလဲ သင့်တော်သလို သင်္ဘောလက်မှတ် အတုတွေ လုပ်ပြီး ပင်လယ်ဝမှာ ရောက်နေတဲ့ သင်္ဘောကြီးကို ဆိပ်ကမ်းအထိ ခုတ်မောင်းဖို့ စုရုံးသွားကြပါတော့တယ်။

feature_image

တွေ့ဖူးတာကို ပြောပြတာပါ…၊ အဘတို့ရွာက ရောက်လာကြပြီ ဆိုရင်ဖြင့် ခပ်ညံ့ညံ့ သိပ်မရှိကြပါဖူး။ အများက လူသိ လူတော် လူတတ်ချဥ့်ပါဘဲ။ မနေ့တနေ့က ရွာမှာ နွားကျောင်းပြီး ဒီနေ့ မြို့ကို တက်လာတာ ဖြစ်ချင်ဖြစ်မယ်၊ ဒီက ဝန်ကြီးချုပ် အလုပ်လောက်တော့ ထမင်းစား ရေသောက် လွယ်လွယ်လေးဘဲ မှတ်ကြပါတယ်။

တကယ်တန်းမှာတော့ ဘယ်လောက် ဘယ်လို တော်ကြ တတ်ကြသလဲ ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုကို ပြောပြချင်ပါတယ်။

တရက်မှာ ဘန်ကောက်မြို့ တစ်နေရာရှိ အလုပ်ရှာဖို့ ထွက်လာတဲ့ မြန်မာတွေ စုပေါင်းတည်းခိုနေတဲ့ တည်းခိုဆောင်ကို သင်္ဘောအလုပ် ရှာပေးတဲ့ ပွဲစား တစ်ယောက်ရောက်လာပါတယ်။

အကြောင်းကတော့ – သင်္ဘောတစီးဟာ ထိုင်းနိုင်ငံ အဝင် ပင်လယ်ဝ တနေရာမှာ ရှိနေပြီး၊ မူလ သင်္ဘောသားတွေက အလုပ်ရှင်ကို အကြောင်း တစ်ခုနဲ့ ဆန္ဒပြရာမှာ အလုပ်ရှင်က မလိုက်လျောဘဲ အရေးယူတဲ့အတွက် သင်္ဘောသားတွေ သင်္ဘောကို စွန့်ခွာ သွားကြတာကြောင့် သင်္ဘောဟာ အဲဒီနေရာမှာဘဲ သောင်တင် ကျန်နေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီသင်္ဘောကို ထိုင်းနိုင်ငံထဲ ဝင်ပြီး ဆိပ်ကမ်းတစ်ခုမှာ ကပ်နိုင်ဖို့အတွက် သင်္ဘော အလုပ်ရှာပေးတဲ့ ပွဲစားကို အလုပ်ရှင်က သင်္ဘောသား အသစ်တွေ ရှာခိုင်းလိုက်တာ ဖြစ်ပါတယ်။

ပွဲစားက ပွင့်ပွင့်လင်းလင်းဘဲ ပြောပါတယ်…၊
“ခင်ဗျားတို့ ရာထူးနဲ့ အရည်အချင်းအတွက် ကိစ္စမရှိဖူး၊ သူဌေးက အတိအကျ စစ်ဆေးဖို့ လုပ်နေနိုင်မှာမဟုတ်ဖူး၊ ကိုယ့်ဖာသာကိုယ် ယုံကြည်ပြီး အတွေ့အကြုံရှိရင် ပြီးတာဘဲ၊ လက်မှတ်တွေကကတော့ ခင်ဗျားတို့လဲ သိပါတယ်… အတုလုပ်ပြီး ပြကြပေါ့”

ဒီတော့ လူစုကြတဲ့ အခါ အင်မတန်တော် အင်မတန် တတ်ကြတဲ့ အဘတို့ ရွာသားများမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ သင်္ဘောမှာ အနှစ် ၂၀ လောက် ဘိုစင် (bosun) လုပ်ဖူးတဲ့ တစ်ယောက်က ဝါအရင့်ဆုံး ဖြစ်နေတော့ သူက ကပ္ပတိန် လုပ်လို့ရတယ် ဆိုပြီး ခေါင်းဆောင်လိုက်တယ်။ ဒီနောက်တော့ သင်္ဘော စက်ခန်းမှာ ဆီဖြည့် (oiler ) လုပ်ဖူးတဲ့ သူကလဲ စက်ခန်း အင်ဂျင်နီယာ၊ သင်္ဘောပေါ်ကိုပင် တခါမှ မတက်ဖူးတဲ့ သူတွေကလဲ သင့်တော်သလို သင်္ဘောလက်မှတ် အတုတွေ လုပ်ပြီး ပင်လယ်ဝမှာ ရောက်နေတဲ့ သင်္ဘောကြီးကို ဆိပ်ကမ်းအထိ ခုတ်မောင်းဖို့ စုရုံးသွားကြပါတော့တယ်။

အဘတို့ ရွာသားများ ခုတ်မောင်းနှင်လိုက်သော ထို သင်္ဘောကြီးဟာ နောက်ဆုံးတော့ ပင်လယ်ဝမှာပင် မီးလောင်၍ ဆုံးဆုံး နစ်မြုပ်သွားခဲ့တော့ပါတယ်။

တွေ့ဖူးပါသေးတယ်၊ သူကတော့ – မြန်မာပြည်မှာ အင်ဂျင်နီယာ တစ်ယောက်ပါ၊ စင်္ကာပူ ရောက်တဲ့အခါ လက်ထောက် အင်ဂျင်နီယာ ရာထူး အလုပ်ရပါတယ်။ နောက်ပိုင်း သြစတေးလျ ရောက်လာတဲ့ အခါမှာတော့ ဓါတ်လှေခါးပြင် အလုပ်သမား အဆင့်လောက်ဘဲ ရတာကြောင့် – “သူတို့က အဆင့်အတန်း ခွဲခြားတယ်၊ အာရှသားတွေ ဆိုရင် နှိမ်တယ်” လို့ပြောပါတယ်။

ဒီတိုင်းပြည်တွေရဲ့ ပညာရေး အဆင့်ကို အဘတို့ ရွာသားတွေ သိကြပုံ မတူပါဖူး။ ဒီက အလုပ်အကိုင် နည်းစံနစ်တွေကိုလဲ နားလည်ကြပုံ မရှိပါဖူး။ ကိုယ့်အဆင့် ကိုယ် ဘယ်လို ဘယ်လောက်ရှိတယ် ဆိုတာလဲ တိုင်းတာ တတ်မယ် မထင်ပါဖူး။ တကယ်တန်းမှာ ဘာကြောင့်များ မြန်မာလူမျိုး အချို့ အပါအဝင် အခြား အာရှနိုင်ငံသားတွေ ကြတော့ ဒီနိုင်ငံမှာ အထူးကု ဆရာဝန်ကြီးတွေ၊ ရှေ့နေကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ အဆင့် ရနေကြတာလဲ ဆိုတာ ဆန်းစစ်တတ်ဟန်လဲ မရှိပါဖူး။

နောက်တစ်ယောက်ကတော့… ဒီနိုင်ငံမှာ အနိမ့်ဆုံးလစာ သာသာလောက်ရတဲ့ အလုပ်ကို လုပ်နေရသူ တယောက်ပါ။ ဒီနိုင်ငံမှာ အဲသည်လို အဆင့်မျိုး အလုပ်အကိုင် ဆိုတာ ‘ခေါင်း’ (ပညာဥာဏ်) မသုံးရဘဲ ကိုယ်ကာယ ခွန်အားကို အသုံးချ လုပ်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ ဒီလူက ပြောပါတယ် – “ကျုပ်တို့က မြန်မာပြည်မှာ မွေးဖွားကြီးပြင်းလာရပြီး အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်လို့ ဒီလို အလုပ်မျိုး လုပ်နေရတာ… ကျုပ်တို့ရဲ့ ဦးနှောက်က ဒီက ကောင်တွေထက် အများကြီးသာတယ်…၊ ကျုပ်သာ အင်္ဂလိပ်စကား ကောင်းကောင်း တတ်လို့ကတော့ သူတို့ ပါလီမာန်မှာ ဝင်ထိုင်နေပြီ” လို့ ဆိုပါတယ်။

သူ့အပြောအရဆိုရင်… ဒီလို တော်ကြ တတ်ကြလို့ အဘတို့ ရွာဟာ ကမ္ဘာ့ အရှေ့ဖက်မှာ ရှိနေပြီး ဒီကလူတွေက ကမ္ဘာ့ အနောက်ဖက်မှာ ရောက်နေကြသလိုပါဘဲ။

တကယ်တော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ စိတ်ဟာ ပညာမဲ့တွေမှာ တွေ့ရတတ်တဲ့ အသွင်လက္ခဏာ တစ်ခုဖြစ်ပါတယ်။ အဲဒီ အထင်ကြီးတဲ့ စိတ်ကဘဲ ကိုယ့်ကိုယ်ကို လှည့်ဖျားပြီး ထင်ယောင်ထင်မှားဖြစ်ကာ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ မှတ်လို့ သူတပါးကို အထင်သေးစိတ် ဝင်လာတတ်တာ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ အဘတို့ ရွာက ရောက်လာကြသူတွေ အနေနဲ့ ဒီနိုင်ငံတွေမှာ လေ့လာ သင်ယူစရာတွေကို အများကြီးလုပ်ကြဖို့ လိုသေးတယ်ဆိုတာ သတိထားမိ စေချင်ပါတော့တယ်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

3 thoughts on “အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၂)”

  1. သင်္ဘောတစီးပေါ် ပြောသလိုလွယ်လွယ်လေး တက်လို့ရတယ်ဆိုတာတော့ အံ့သြစရာပါဘဲ..

    1. အနော််််လဲ အဲဒါ‌‌စဥ်းစားမိတယ် 😀

  2. အာရှသားတွေတင်မဟုတ်ပါဖူး အာဖရိကန်တွေ အလယ်ပိုင်းကလူတွေကိုလဲ နဲနဲတော့ နှိမ်တော့အမှန်ပါဘဲ။ သူတို့နဲ့ အရည်အချင်းတူရင်တောင် သူတို့လောက် လစာရတဲ့ နေရာကောင်းတဲ့ နေရာမျိုးကို ဘယ်တော့မှ မပေးကြပါဖူး။

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *