အဘတို့ရွာက ရောက်လာကြသူများ အကြောင်း (၃)

မြန်မာ စကားပုံ တစ်ခု ကြားဖူးပါတယ် – “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” လို့ ဆိုပါတယ်။ ဒီ စကားပုံ အတိုင်းသာ ဆိုရရင်တော့ အဘတို့ ရွာက ရောက်လာကြသူများမှာ မသူတော်တွေ တော်တော်များသားလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

feature_image
4
(1)

လူတစ်ဦးနဲ့ တစ်ဦး စကားပြောကြတယ်၊ စကားတွေ အများကြီး ပြောကြတယ်၊ စကားတွေကို ဖောင်ဖွဲ့ပြီးတောင် ပြောနိုင်ကြတယ် ဆိုရင် အခြားနိုင်ငံက သူများကတော့ ဒါဟာ အတော် ရင်းနှီးကြလို့၊ အင်မတန် တော်ကြလို့ တတ်ကြလို့ ပြောနိုင်ကြတာလို့ မြင်ပါလိမ့်မယ်။

အဘတို့ ရွာက ရောက်လာကြသူများကတော့ အများအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် တွေ့ပြီဆိုရင် ရင်းနှီးတာ မရင်းနှီးတာ အတိုင်းအတာ ဘယ်လောက်ရှိတယ် အသာထား၊ စကားကတော့ များများပြောရမှ စားဝင် အိပ်ပျော်တတ်ပုံ ရှိကြပါတယ်။ အားမနာ၊ ပါးမနာ တဖက်လူမှာ နားထောင်ချင်မှန်း မသိ၊ မထောင်ချင်မှန်း မသိ၊ တစ်ခါ တစ်ရံဆို အကြောင်းအရာ တစ်ခုကို ပထမ အကြိမ်၊ ဒုတိယ အကြိမ်၊ တတိယ အကြိမ်၊ နမ္မောတဿ ရွတ်သလို သုံးကြိမ် သုံးလီ မညီးမညူပြောတတ်ကြပါတယ်။

ဒီ့ထက်ဆိုးတာကတော့ စကား စမြီ ပြောကြတဲ့ အကြောင်းအရာတွေပါဘဲ။ အများအားဖြင့် ပြောကြတာမှာ ကိုယ့်အကြောင်းကိုယ် ဘယ်လို တော်တတ်ကြောင်း၊ ဘယ်လို လယ်ဝယ်တဲ့ အကြောင်း၊ ကိုယ့်ကိုယ် ကို အမွှန်းတင်ပြီး၊ တဖက်လူ ဆီက အားနာပါးနာ ပြန်ပြောလာမဲ့ ချီးကြူးစကားကို မျှော်လင့်တောင့်တ ပြောဆိုကြတာများသာ အများဆုံး တွေ့ရပါတယ်။

မြန်မာ စကားပုံ တစ်ခု ကြားဖူးပါတယ် – “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” လို့ ဆိုပါတယ်။ ဒီ စကားပုံ အတိုင်းသာ ဆိုရရင်တော့ အဘတို့ ရွာက ရောက်လာကြသူများမှာ မသူတော်တွေ တော်တော်များသားလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

ဒီလိုမှ ကိုယ့်အကြောင်းကိုယ် မပြောဖူး၊ ဒါမှ မဟုတ်လဲ ကိုယ့်အကြောင်းကို ပြောလို့ အားရပြီ ဆိုရင်တော့ – ပြောစရာမှာ သူများ အကြောင်း ဖြစ်လာပါတော့တယ်။ သူများ အကြောင်းဆိုရင်တော့ အဘတို့ရွာသား အများစုဟာ မကောင်းတာက အစရှာပြီး အပြစ်ပြောဖို့သာ ရှာတတ်ကြပါတော့တယ်။

စကားပြောတာနဲ့ ပတ်သတ်ပြီး ပညာရှင်တွေက လူတစ်ယောက်ရဲ့ ဥာဏ်ရည် အဆင့်အတန်း (IQ – intelligence quotient)ကို အခုလို အကြမ်းအားဖြင့် တွက်ချက်ကြပါတယ် –

ဥာဏ်ရည်အဆင့်အတန်း နိမ့်ပါးသူဟာ – စကားစမြီ ပြောကြတဲ့ အခါ အခြား တစ်ယောက် အကြောင်းကို ပြောရတာကို နှစ်သက်ကြပါတယ်။

ဥာဏ်ရည်အဆင့်အတန်း အလယ်အလတ် ရှိသူတွေကတော့ – စကားစမြီ ပြောတဲ့ အခါ ပွဲလမ်း သဘင် အကြောင်း၊ သတင်း နဲ့ အခင်း အဖြစ်အပျက် အကြောင်းတွေကို ပြောရ ဆွေးနွေးရတာ ကြိုက်ကြပါတယ်။

ဥာဏ်ရည်အဆင့်အတန်း မြင့်မားတဲ့ သူတွေကတော့ – စကားစမြီ ပြောတဲ့ အခါ အတွေးအခေါ်၊ အကြံဥာဏ်နဲ့ အသိပညာတွေကို နှီးနှောဖလှယ်ဖို့ သဘောတွေ့ ကြပါတယ်။

အဘတို့ ရွာသားများကတော့ အပေါ်မှာ ပြောသလို ကိုယ့်အကြောင်း ကိုယ် ဂုဏ်ဖော်ကြွားရင် ကြွား၊ ဒါမှ မဟုတ် သူများအကြောင်း မကောင်းပြော အပုတ်ချ ရင် ချ၊ ဒီလိုမှ မဟုတ်ပြန်ရင်လဲ ကိုယ် မသိ မကျွမ်းကျင်ဘဲ ကြားဖူးနားဝနဲ့ (ဒါမှမဟုတ် မတတ် တခေါက်နဲ့) ကိုယ်အသိ ကိုယ်အတတ် ဆရာလုပ် ပို့ချချက်ပေးချင်တာကလဲ ရှိကြပြန်ပါသေးတယ်။

သြစတေးလျနဲ့ အနောက်နိုင်ငံတွေမှာကတော့ ကိုယ့်အကြောင်းကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ (တဖက်လူနဲ့ မည်မျှ ရင်းနှီးသည် ဖြစ်စေ) ပြောရင် အနှောက်အယှက် ပေးတယ်လို့ ယူဆပြီး မကြိုက်ကြပါဖူး။ အကယ်လို့ အရေးကြီး သာရေး နာရေးလို ကိစ္စမျိုး ပြောဖို့ဖြစ်လာရင်ပင် တဖက်လူကို မိမိအကြောင်း ဝေဌအသိပေး ပြောပါရစေ လို့ ခွင့်တောင်းပြီးမှ ပြောကြတာကို ယဥ်ကျေးမှုရှိတယ်လို့ မှတ်ယူပါတယ်။

တစ်ခါက စာရေးသူကိုယ်တိုင် မိမိနဲ့ အင်မတန် ရင်းနှီးတဲ့ သြစတေးလျ လူမျိုး မိတ်ဆွေ တစ်ဦးကို မိမိရဲ့ အကြောင်း ခွင့်မတောင်းဘဲ ပြောမိခဲ့ဖူးပါတယ်။ ဒီအခါ သူက – “ဘာလို့ ခင်ဗျား အကြောင်း ကျုပ်ကို လာပြောပြနေတာလဲ?” ဆိုပြီး ဆက်နားမထောင်တော့ပါဖူး။

သူများ အကြောင်းပြောရင်တော့ ဒီနိုင်ငံများက လူမျိုးတွေဟာ အကောင်းကိုသာ ရှာပြီး ချီးမွှမ်းစရာကို ပြောတတ်ကြပါတယ်။ သူတပါး အကြောင်းကို ကဲ့ရဲ့ ရှုတ်ချ ပြောဆိုတာမျိုးကိုတော့ အင်မတန်မှ ရိုင်းစိုင်းတဲ့ အလုပ်လို့ သူတို့ မှတ်ယူကြပါတယ်။ အဆိုးကို ပြောစရာရှိလာလို့ ပြောရတယ် ဆိုရင်တောင်မှ ကိုယ့်ရဲ့ အမြင်အရ ဆိုးတယ်လို့ ယုံကြည်တယ် ဆိုတာကို ပေါ်လွင်အောင် (ဥပမာ – “ငါထင်တယ်…၊ ငါ့ဖက်က အမြင်အရ ပြောရရင်…” စသည်ဖြင့်) စကားခံပြောပြီး၊ စွပ်စွဲ ရှုတ်ချတာမျိုး မလုပ်မိဖို့ သတိထားကြပါတယ်။

နောက်တစ်ခုက ဒီနိုင်ငံမှာ လူတွေက ကိုယ်သိ ကိုယ်တတ်တာပင် တော်ရုံတန်ရုံ ထုတ်ဖော်ပြောလေ့ မရှိကြပါဖူး။ ဒီတော့ ကိုယ် မသိ၊ ကိုယ် မတတ်တာ ဆိုရင်တော့ ဝင်ပြောဖို့ ဝေးလေစွပေါ့။ ဒါကတော့ ပညာတတ်သူများရဲ့ သဘော၊ ပညာကို လေ့လာတယ် သင်ယူတယ် နားထောင်တယ် စုဆောင်းတယ် ဆိုတဲ့ သဘောလိုပါဘဲ။ မတတ်တခေါက် ဟိုမရောက် ဒီမရောက်တွေကတော့ ကိုယ့်ရှိသလောက် တတ်သလောက် အကုန် ဖွင့်ဟ၊ ထုတ်ပြ သူများဆီက ယူဖို့ ရဖို့ ဆိုတာ တွေးမိပုံပင် မရှိပါဖူး။

ဒီ့ပြင်မှာမှ စကားပြောရင် အော်ကြီးဟစ်ကျယ် ပြောကြတာ၊ လုပြောတာ၊ ဒီလို ဇရိုက်တွေကလဲ အဘတို့ ရွာသားတွေမှာ ပါလာတတ်ကြပါတယ်။

ဒါ့ကြောင့်မို့ အဘတို့ ရွာသားတွေဟာ အနောက်နိုင်ငံများမှာ ကမ္ဘာ့ ယဥ်ကျေးမှု အဆင့်အတန်းနဲ့ အညီ အပြောအဆို တတ်ဖို့မှာ တော်တော် လေ့ကျင့်ယူရအုံးမယ် ထင်ပါတယ်။

ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

Click on a star to rate it!

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *