ထီပေါက်ကိန်း

5
(1)

မြန်မာပြည်မှာ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း ၂လုံးထီတွေ ခေတ်စားလာတဲ့ အချိန်တုန်းက မိမိရဲ့ မိတ်ဆွေများက မိမိကို ကွန်ပျူတာနဲ့ ဖြစ်နိုင်ချေ ဂဏန်း တွက်ခိုင်းကြပါတယ်။ အဲဒီတုန်းက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလေး တစ်ခု ဖြစ်နေပြီး၊ စီးပွားရေးမှာဘဲ စိတ်ဝင်စားနေတာကြောင့် ၂လုံးထီကို စိတ်မပါခဲ့ပါဖူး။ ဒါပေမဲ့လဲ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က အတင်းအကျပ် လုပ်ကြည့်ပါလို့ ပြောလာတဲ့ အခါ – သူယူလာပေးတဲ့ ထွက်ပြီးသား နံပါတ်တွေကို ကွန်ပျူတာမှာ data structure ဆောက်ပြီး၊ algorithm နည်းနဲ့ တွက်ချက်လိုက်တာမှာ နောင်ထွက်မဲ့ နံပါတ် ဂဏန်းဟာ ၀၀ (သုည၊ သုည) လို့ အဖြေထွက်လာပါတယ်။

ကွန်ပျူတာ တွက်ချက်တဲ့ ပုံစံကို နားလည်အောင် လွယ်လွယ် ရှင်းပြရရင် – ဥပမာ တစ်နာရီကို တစက္ကန့် နောက်ကျတဲ့ နာရီ တစ်လုံးနဲ့၊ လုံးဝ ရပ်နေတဲ့ နာရီတစ်လုံးကို အပေါ်မှာ ပြောခဲ့တဲ့နည်းနဲ့ ဘယ်နာရီကို ဝယ်သင့်သလဲ ကွန်ပျူတာကို တွက်ခိုင်းမယ် ဆိုပါစို့။ ဒါဆိုရင် ကွန်ပျူတာဟာ လုံးဝ ရပ်နေတဲ့ နာရီကို ဝယ်ဖို့ အဖြေပေးမှာပါ။ အကြောင်းကတော့ တစက္ကန့် နောက်ကျတဲ့ ပထမ နာရီဟာ အချိန်မှန် တစ်ခုရဖို့မှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းရမှာ ဖြစ်ပြီး၊ ရပ်နေတဲ့ ဒုတိယ နာရီကတော့ တရက်ကို ၂ ကြိမ် အချိန်တိကျမှာ ဖြစ်လို့ပါဘဲ။

ဒါ့ကြောင့်မို့ ကွန်ပျူတာနဲ့ တွက်ပြီး ရလာတဲ့ ထီဂဏန်းဟာ ခပ်ကြောင်ကြောင် ရီစရာဘဲ လို့ ထင်ခဲ့ပါတယ်။ မိမိရဲ့ မိတ်ဆွေကတော့ ‘သုည၊ သုည’ ဆိုတာလဲ ပေါက်ဂဏန်း တစ်ခု ဖြစ်နိုင်တာဘဲ၊ ထိုးကြည့်ရအောင် ဆိုပြီး မိမိဆီက မြန်မာငွေ ၂၅၀၊ သူက ၂၅၀ နဲ့ စုစုပေါင်း ငွေ ၅၀၀ ဖိုး ထိုးလိုက်ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ရက် ထီဂဏန်းထွက်တဲ့ အခါ ‘သုည၊ သုည’ ဂဏန်းဘဲ ထွက်လာခဲ့ပြီး မိမိတို့ ထီပေါက်ခဲ့ကြပါတယ်။

အဲဒီအချိန်က စပြီး မိမိကို တဂျီဂျီနဲ့ နောက်ပိုင်း ထွက်မဲ့ဂဏန်းတွေကို တွက်ခိုင်းပေမဲ့ မှန်မှန်ကန်ကန် မရတော့ပါဖူး။ အနီးစပ်ဆုံး ရှေ့တလုံးမှန်တာ၊ နောက်တလုံးမှန်တာ၊ ရှေ့နောက် လွဲတာမျိုး လောက်ဘဲ ရံဖန် ရံခါ ဖြစ်ခဲ့ပါတယ်။ မိမိကတော့ ပထမ သုံးလေးကြိမ်လောက် သူနဲ့ လိုက်ထိုးပြီးနောက် မပေါက်တာနဲ့ ဆက်မထိုးတော့ပေမဲ့၊ သူကတော့ မိမိပေးတဲ့ ဂဏန်းကို ပတ်လည်တို့ အရန်တို့ လုပ်ပြီး ထိုးတာ ထီတပတ်ထွက်ပြီးရင် အမြတ်တော့ ရှိတယ်လို့ ပြောပေမဲ့ တကယ် ဟုတ်မဟုတ်တော့ မသိပါဖူး။

တကယ်တန်း ထီပေါက်ဂဏန်း ဆိုတာ ဘယ်လိုမှ ကြိုတင် ခန့်မှန်းတွက်လို့ ရနိုင်တာ မဟုတ်ပါဖူး။ တိုက်ဆိုင်တာသာ ရှိနိုင်တာပါ။ ဒါပေမဲ့ ထီပေါက်နိုင်ကိန်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ အတိအကျ တွက်နိုင်ပါလိမ့်မယ်။ ထီရောင်းတဲ့ စောင်ရည်နဲ့ ကိုယ်ထိုးထားတဲ့ စောင်ရည် ရာခိုင်နှုံးအတိုင်းကြည့်ရင် ကိုယ့်မှာ ထီပေါက်ကိန်း ဘယ်လောက် ရှိနိုင်တယ်ဆိုတာ အလွယ်လေး တွက်လို့ ရပါတယ်။

သြစတေးလျမှာ နာမည်ကြီး Powerball ထီထွက်ပါတယ်။ အဲဒီ ထီပေါက်ဖို့ အတွက် ဆိုရင် သန်း ၃၀၀ မှာ ၁ ဦးသာ ပေါက်နိုင်ချေ ရှိတယ်လို့ တွက်ချက်ပေးထားပါတယ်။

ဒါကိုနောက်တနည်းနဲ့ နှိုင်းယှဥ်ပြီး တွက်ပြပေးရာမှာ – ငါးမန်းကိုက်လို့ သေသူဟာ ပင်လယ်မှာ အပန်းဖြေ ကစားကြသူ သန်း ၃၀ မှာ ၁ ဦးဖြစ်တာကြောင့်၊ ငါးမန်းကိုက်လို့ သေဖို့က ထီပေါက်ဖို့ထက် ၁၀ ဆသာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်မို့ အခုတော့ ထီပေါက်ကိန်း တွက်ဆနေခြင်းထက်၊ ပင်လယ်ဖက် ထွက်တဲ့ အခါ ငါးမန်းကိုက် မခံရဖို့ ၁၀ ဆ ပိုသတိထား ရပါတော့တယ်။

သြစတေးလျမှ Powerball ထီဖွင့်စဥ်


ဤအကြောင်းအရာကို စာဖတ်သူ နှစ်သက်ပါသလား?

ကြယ်ပွင့်ပေါ်ကိုနှိပ်၍ အကဲဖြတ်ပါ

စာဖတ်သူနှစ်သက်ခြင်းမရှိလို့ စိတ်မကောင်းပါ၊

စာဖတ်သူနှစ်သက်စေဖို့ လိုအပ်ချက်များကို သိပါရစေ။

(အင်္ဂလိပ်စာ သို့မဟုတ် မြန်မာယူနီကုဒ်ဖြင့်သာ ရေးသွင်းပါရန်)

ထပ်ဆင့်ဖြန့်ဝေပါ-

အောက်တွင် မှတ်ချက်ရေးသည့်အခါ မြန်မာစာဖြင့် ရေးသွင်းမည် ဆိုပါက – မြန်မာယူနီကုဒ်ဖြင့် ရေးသားပါရန်။

Write A Comment...

Your email address will not be published. Required fields are marked *